ဘယ်လမ်းလဲ?


-

ဒဏ်ရာ

စိုင်းလင်းတိုင်း | 12:45 AM | 1 အားပေးစကား

-

နွေအလွမ်း


ထားခဲ့ပါချစ်သူ မှားခဲ့တာကိုအပြစ်ယူခဲ့ရင်ပေါ့
သွားလှည့်ပါချစ်သူ အားပေးစကားကိုတန်ဖိုးမထားခဲ့ရင်ပေါ့
ရိုက်နက်ခဲ့ပါချစ်သူ ပါးနှစ်ဖက်ကိုမသနားခဲ့ရင်ပေါ့
နင်းချေလိုက်ပါချစ်သူ နှလုံးသားကိုလုပ်ရက်နိုင်ရင်ပေါ့
တွဲပြလိုက်စမ်းပါချစ်သူ တစ်ခြားသူကိုမင်းချစ်နိုင်ရင်ပေါ့
မကြင်လိုသူမင်းကို အပြစ်မဖွဲ့လိုပါ မင်းရဲ့အနောက်
တစ်ကောက်ကောက် ကိုယ်မရောက်လည်း ငါ့ချစ်စိတ်က
မင်းဘာလုပ်လုပ် အားပေးနေဆဲ….
ဒီမှာ မောင့်ချစ်တဲ့သူကြီးရေ
ငါ့နှလုံးသား တစ်နေရာမှာတော့ မင်းမှမင်း
မင်းမရှိလို့ဟာလာဟင်းလင်း နွေခေါင်ခေါင်ရင်ပြင်တလင်းမှာ
မိုးမျှော်မိုးခေါ် ဖားလေးတစ်ကောင်လို အော်နေမိပါရဲ့
ချစ်သူမဲ့တဲ့ ဒီရင်ခွင် နွေရဲ့အလွမ်း ဖေါ်မဲ့တဲ့ဥသြငှက်လေးလို
အလွမ်းသီချင်းဆိုနေမိ….
-

သားသတ်လွတ်သမားလေးပါ


ပတ္တာရွာဆိုတာ ကျနော်ချစ်သည့် ရွာလေးတစ်ရွာလို့ပြောလျှင် မှားမည်မထင်၊ ပတ္တာရွာလေးသည် လယ်ဝေးမြို့နှင့် တစ်မိုင်လောက်သာ ဝေးသောရွာလေး ဖြစ်သည်။ အဲ့ဒီရွာလေးကို မကြာခဏ ကျနော်ရောက်ဖြစ်သည်။ တစ်ခါအလည်သွားလျှင် သုံးလေးရက်လောက်နေပြီးမှ ပြန်တတ်သည်၊ တစ်ရွာလုံးလိုလို ကျနော်နှင့်ခင်နေသည်။

ဆက်လက်ဖတ်ရှုရန်


ပတ္တာရွာလေးသည် မန္တလေး+ရန်ကုန် ဟိုင်းဝေး လမ်းမကြီးနှင့် ကပ်ပြီးတည်ထားသည့် ရွာလေးဖြစ်ပြီး၊ ကားလမ်းမကြီး၏ ဘယ်ညာဘက်ခြမ်းမှာ ရွာ၏ဈေးတန်းလေးကို ဖြတ်သွားဖြတ်လာသည့် ခရီးဧည့်သည်တိုင်း မြင်တွေ့နိုင်ပါသည်။ ကျနော်သည် ပတ္တာရွာသား ထွန်းဝင်း ရွာသူခင်သန္တာတို့နှင့် ပတ္တာရွာကို အလည်လိုက်သွားသည့်နေ့ တစ်နေ့ပေါ့ဗျာ၊ သူတို့နှစ်က မောင်နှမတစ်ဝမ်းကွဲ၊ အဲ့.. ကျနော်ကတော့ နှစ်ဝမ်းကွဲ။ နှစ်ဝမ်းကွဲဆိုတာ သူတို့ နှစ်ယောက်နှင့် မောင်နှမချင်းမတော်၍ဖြစ်သည်။ ပြောချင်တာက ဒီလိုပါ ကားပေါ်မှာ ကျနော်နှင့် ထွန်းဝင်းက တစ်ခုံတည်းအတူထိုင်ကြပြီး၊ ခင်သန္တာသည် ကျနော်တို့နှင့် ဘယ်ဘက်ခြမ်းတည့်တည့် ထိုင်ခုံမှာထိုင်သည်။ အမှန်က ကား၏ထိုင်ခုံတိုင်းသည် အရှေ့ကို မျက်နှာမူပြီး တည်ဆောက်ထား တာဖြစ်သည်။ သို့ပေမယ့် ကျနော်အတွက်တော့ သိပ်အဆင်မပြေချင်ဘူး၊ ဘာပြုလို့လဲဆိုတော့ ကျနော်အကျင့်နှင့် လိုက်ဘက်မညီ၍ဖြစ်သည်။ ကျနော်သည် ကားစီးသည့်အခါတိုင်း သူများတွေလို အရှေ့ဘက်ကို မျက်နှာမမူဘဲ ကား၏အနောက်ဘက်ကို မျက်နှာမူပြီး ကန့်လန့်ထိုင်နေတတ်သည်။ အရှေ့နဲ့အလယ် ထိုင်ခုံများကို ထိုင်ရသည့်အခါကို ပြောပါသည်။ ဖြစ်နိုင်ရင် ကားပြင်ဆရာ ကြီးများတွေကို ကား၏ထိုင်ထိုင်ခုံ ချသည့်အခါမှာ အရှေ့နဲ့အလယ် ထိုင်ခုံများကို အနောက်ဘက် လှည့်ပြီးချထားစေချင်သည်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော့်လို အတွဲချောင်း ၀ါသနာပါသည့်သူတွေ ကားပေါ်အတွဲ ချောင်းရအောင်လို့ပါ။ ဒီတစ်ခါလည်း ကျနော့်အတွက် စိတ်တိုင်းကျ ထုံခုံမှာထိုင်ရသည်။ ထိုင်ခုံက အရှေ့မကျလွန်း နောက်ဘက်မကျလွန်းသည့် အလယ်တည့်တည့်ထိုင်ခုံ၊ အရှေ့ကိုလည့်လျှင် ကိုယ့်ရဲ့အရှေ့မှာ ထိုင်နေသည့်လူတွေကို တွေ့ရသည်၊ အနောက်ဘက်ကို လှည့်လိုက်လျှင်လည်း နောက်မှာထိုင်နေသည့် လူတွေကို တွေ့နေရသည်။
ဒီလိုနှင့် ကျနော်ထိုင်နေကြ ပုံစံမျိုးဖြင့် ကန့်လန့်ပြီးထိုင်နေရင်း ဟိုး.. ထိုင်ခုံအနောက်ဘက်က အတွဲနှစ်တွဲကို လှမ်းချောင်းကြည့်နေသည်။ မြန်မာဗွီတိယိုဇာတ်ကား ကြည့်နေရသည့်အတိုင်းပါ အမေလေး… ကြည့်ကောင်းချက်ကတော့ ကောင်းသလား မမေးလိုက်လေနှင့် ဟိုငနဲက ဟိုကောင်မလေးကို အငန်းမရစိုက်ကြည့်နေပြီး၊ ပြီးတော့ ဟိုကောင်မလေးက ဟိုကောင်ကြီး၏ နှာခေါင်းချွန်ချွန်ကြီးကို သူ့လက်နဲ့လှမ်း ဆွဲလိမ်လိုက်တာ ကောင်မလေးက နာစေချင်၍ ဟုတ်မယ်မထင် ဖွဖွရွရွပုံစံမျိုးဖြင့် ဆွဲလိမ်လိုက်တာ နည်းနည်း အားပါသွားဟန်တူသည်၊ ဟိုငနဲခများ နာလွန်း၍ သူ့နှာခေါင်းကြီးကိုအုပ်ပြီး ကောင်မလေး ရင်ခွင်ထဲ ထိုးအိပ်ပစ်လိုက်တာဗျာ ကြည့်လို့ကောင်းနေတုန်း အားပါးပါး နာလိုက်တာ ဘယ်ကနာ၍ နာနေမှန်းမသိ ကျနော်က အား.. ဆိုပြီးအော်လိုက်သည်။ လက်စသတ်တော့ ခင်သန္တာက သူဘာသာသူ မနေဘဲ သူမလက်ကြမ်းကြီးနှင့် ဟိုဘက်ခြမ်းကနေ ကျနော့်နားရွတ်ကြီး လှမ်းဆွဲလိမ်လိုက်တာ ဖြစ်သည်။ ကျနော်က နာတယ်ဗျလို့ ပြောလိုက်တော့ သူမက နာရမယ် နာရမယ် ဒီ့ထက်နာရအုန်းမယ် ရွာရောက်ရင် ဟိုတစ်ဘက်ကို ထပ်လိမ်လိုက်အုန်းမယ် တကတည်း ခွေးအူပုံစံကြီးနဲ့ ငေးနေလိုက်တာ တုတ်တုတ်ကို မလှုပ်ဘူးဟု ပြောလိုက်တော့ ကားပေါ်ကလူတွေ တဟားဟား တဟီးဟီးနှင့် ကျနော်ကို ၀ိုင်းရည်လိုက်တော့သည်။ အောင်မလေးဗျာ ရှက်လိုက်တာ မျက်နှာကို ဘယ်နားသွားထားရမှန်း မသိတော့ဘူး၊ ထွန်းဝင်းဘက် လှည့်လိုက်တော့လည်း သူက အရည်မသတ်ဘဲ မျက်နှာကို လက်ညိုး တထိုးထိုးနှင့် တခွီးခွီးရည်နေသည်။
ဘာမျှမတတ်နိုင်တော့ပါ ရှက်လွန်း၍ ဟိုငနဲလို မျက်နှာအုပ်ပြီး တစ်ယောက်ယောက် ရင်ခွင်ထဲ ထိုးအိပ်စရာကမရှိ၊ ထွန်းဝင်းက ယောကျားကြီး အနံ့အသက်က ကပ်ချင်စရာမရှိ မသက်သာ၍ အတူထိုင်နေရသည်။ ဒီလိုနှင့် ကျနော်သည် ကားပေါ်ကလူတွေကို အဟီး.. ဆိုပြီး လှမ်းပြုံးရင်း ပါလာသည့် လွယ်အိပ်ကို ဇစ်ဖွင့်ပြီး ခေါင်းထိုးထည့်လိုက်တာ အဲ့ဒါမှ ပိုပြီး ရည်ချင်စရာ ဖြစ်သွားသလားမှမသိပါ၊ ၀ါး..ဟားဟား ဆိုသည့်ရည်သံတွေ ကြားလိုက်ရသည်၊ ခေါင်းထောင်ကြည့်လိုက်တော့ ကားစပါယ်ယာပါမကျန် တဟီးဟီး တဟားဟားနှင့် ရင်ကိုဖိပြီး ရည်နေကြသည်။ မရည်သူသည့်လူဆို ကျနော် တစ်ယောက်တည်း၊ အဲ့ဒါနဲ့ ကျနော်က ထွန်းဝင်းကို ဘာဖြစ်တာလဲလို့မေးတော့ သူက မင့်နှယ် မင်းမသိဘူးလား မင်းကိုရည်နေတာ၊ မင်းလုပ်ပုံကိုက ဟာသဖြစ်နေလွန်းတယ် သတဲ့လေ။ ကျနော်က သန္တာဘက်လှည့်ကြည့်သည် သူမက နင်.. နင် င့ါကိုမကြည့်နဲ့ နင့်မျက်နှာကြီးကို မြင်လိုက်တာနဲ့ ငမော့ထက်ဆိုးတယ် အောင်မလေးနော် ရည်ရလွန်းလို့ ငါ့သည်းအူတွေပျက်ပြီး သေတော့မယ် အဟေးဟေး အဟီးဟီး တဲ့။ ခုနားကတော့ ကျိုကြည့်ကြည့်သည့် အကြည့်ကြီးနဲ့ ခုတော့ ကျနော့်ကိုမျက်နှာ မကြည်ရဲတော့ဘူး။ ဒီလိုနှင့်ရွာလည်း ရောက်ရော သူတို့နှစ်ယောက်သည် ဒီကရှက်နေပါတယ်ဆိုမှ သူတို့ကသွားပြီး ရွာထဲမှာ ဖေါက်သည်ချနေ လေတော့သည်။ ညနေပိုင်း ရောက်တော့ သူငယ်ချင်းတွေက ရောက်လာသည်၊ တစ်ချို့က ခလေးနှစ် ယောက်ရ၊ တစ်ချို့က ခလေးတစ်ယောက်ရ၊ တစ်ချို့ကတော့ အိမ်ထောင်မကျသေး၊ ကျနော်က အိမ်ထောင်မကျသေးသည့် သူငယ်ချင်းများကို နင်တို့ရော မင်္ဂလာ မဆောင်သေးဘူးလားဟု မေးတော့ သူတို့က ရွေးချယ်နေတုန်း တဲ့လေ။ ပြီးတော့ သူတို့က နင်ရော ဘာလို့အိမ်ထောင် မပြုသေးတာလဲဟု မေးတော့ ကျနော်က ကြိုက်မယ့်သူ မရှိသေးကြောင်းပြောသည်။ သူတို့က နင်မကြိုက်တာလား ကောင်မလေးက နင့်ကို မကြိုက်တာလားဟု မေးပြန်တော့ ကျနော်က ကောင်မလေးက မကျိုက်တာ ဖြစ်ကြောင်းပြောသည်။ အဲ့ဒါနဲ့ သူတို့က ဒီလိုဆိုရင် နင်လက်ထပ်မှာလားဟု မေးသည်။ ဘယ်သူနဲ့လဲ ဟုမေးတော့ ၀က်ကြီးလေ ၀က်ကြီးက နင်ကိုခိုက်နေတာ ငါတို့သိတယ် တဲ့ဗျာ။ အမေလေး… ၀က်ကြီးဟုတ်လား၊ နင်တို့နော် ငါ့ကို တိရိစ္ဆာန်နဲ့ပေးစားတယ် ငါ နက်ဖြန်ပြန်တော့မယ်ဟို ပြောတော့ သူတို့က ဟဲဟဲ မပြန်ပါနဲ့အုန်း ကိုရှမ်းရေ ပျော်ရအောင် စနေတာပါ။ အဲ့.. ပြောမယ့်ပြောလည်း ငါတို့ရွာ ၀က်ကြီးဆိုတဲ့ ကောင်မလေးတစ်ယောက် အဟုတ်ကိုရှိနေတာ နင်မသိဘူးလား၊ ကျနော်က သိပါ့သိပါ့ မသိယောင် ဆောင်နေတာ မကြိုက်လို့ဟု ကျနော်ပြောသည်။ နင်တို့က အဲ့ဒါကြီးနဲ့ ပေးစားမယ်ဆိုရင် နက်ဖြန် ငါပြန်တော့မယ်ဟု ကျနော်က ခပ်တည်တည်နှင့် ပြောလိုက်တော့ မလုပ်ပါဘူး ပြန်လည်းမပြန် ပါနဲ့အုန်း ဒီနေ့ပဲရောက်တာ နက်ဖြန်ပြန်တော့မယ်ဆိုရင် ငါတို့ကတာဝန် မကျေရာကျမှာဟ ဆိုပြီး သူတို့အဟုတ်ထင်ပြီး တားကြသည်။ အဲ့ဒါနဲ့ သူတို့က ကိုရှမ်းကသိပ်ဟာသ လုပ်တတ်တယ်ဆို ဒီညတော့ နင်လူရွှင်တော်လုပ်ရမယ် ဒါမှမဟုတ် သီချင်းဆိုပြရမယ်ဟု ပြောသည်။ ကျနော်က ဟ.. နင်တို့ရဲ့ အမိန့်က ပျင်းလှချည်လား ဟာသလည်းလုပ်တတ်ဘူး သီချင်းလည်းဆိုတတ်ဘူး ကဲ.. နင်တို့ ငါ့ကိုဘာလုပ်မှာလဲဟု မေးတော့ သူတို့က မလုပ်ရင် ထမင်းမကျွေးဘူးဟု ပြောသည်။
အောင်မလေး ဟာသမလုပ် သီချင်းမဆိုရင် ထမင်းငတ်မှာတဲ့လား၊ နင်တို့က အပြောင်းလဲကြီး ပြောင်းလဲနေပါလား ဟိုအရင်တုန်းက ငါလာတာ နင်တို့အဲ့ဒီ အပြောမျိုးနဲ့ မဟုတ်ဘူးနော့်၊ အဲ့လေ နင်တို့က ခေတ်နဲ့အလိုက် ပြောင်းလဲနေတယ်ပေါ့လေ အဲ့.. ဟာသတော့လုပ်တတ်ဘူး သီချင်းပဲဆိုပြမယ် ဂစ်တာယူခဲ့ဟု ကျနော်ပြောသည်။ အမေ.. သူတို့ခများ တအံ့တသြနဲ့ ကျနော့်ကို ကြည့်နေသည်၊ တစ်ယောက်က ထမေးသည် အဟဲ .. ကိုစိုင်းက ဂစ်တာတီးတတ်လားတဲ့။ ကျနော်က ဟ.. တီးတတ်တာပေါ့ ထီးမပါလည်း နေပူထဲသွားနိုင်တယ် အဟဲဟု ပြောတော့ ခင်သန္တာက အာ.. ထီးမပါလည်း မိုးထဲ လျှောက်သွားနိုင်တယ်လို့ ပြောပါ ဘယ့်နှယ် နေပူထဲဖြစ်ရမှာလဲဟု ပြောသည်။ ကျနော်က နင်ကလည်း နေပူဖြစ်ဖြစ် မိုးထဲဖြစ်ဖြစ် ထီးပါရင်ပြီးတဲ့အုစ္စာ။ ဒီမှာ ရစ်မနေနဲ့ သီချင်းဆိုပြမယ် အဟမ်း အဟမ်း ငထွန်းရေ ဂစ်တာယူ ပြီးတော့ မန္တလေးရောက် ရှမ်းတစ်ယောက်ဆိုတဲ့ သီချင်းသံစဉ်ကျကျတီး ငါက သီချင်းဆိုမယ် ဒီငနာထီး ငနာမလေးတွေက အတင်းဆိုခိုင်းနေတယ်။ ဒီလိုနဲ့ ထွန်းဝင်းက ဂစ်တာလေးတီး ကျနော်က သီချင်းကို ဗမာလေသံ မပီကလာ ပီကလာကြီးနှင့်ဆိုသည်။ သူတို့က လက်ခုပ်လေးတွေ တီးပေးရမယ့်အစား လက်ခုပ်မတီးပဲနဲ့ တဟီးဟီး တဟားဟားနဲ့ ရယ်နေကြသည်။ သူတို့ရည်လွန်း၍ ကျနော့်သီချင်းတောင် ရပ်သွားသည်။ ကျနော်သည် သီချင်းဆိုရာက ရပ်ပြီး ဟေ့.. နင်တို့က ဘာရယ်တာလဲ ဘယ်လိုလဲ ငါအသံက ကိုထီးအသံ မှီတယ်မဟုတ်လားဟု မေးတော့ ကျော်ကြီးက တစ်ခုခုပြောမယ်ကြံပြီးမှ မပြောနိုင်သေးဘဲ တဟားဟားနဲ့ရယ်နေသည်။ ကျနော်က အောင်မလေးနော် ခေတ်အလိုက်မို့ ထမင်းမငတ်ဖို့ အဆိုတော် လုပ်ရတော့မယ်ထင်တယ်ဟု ငြီးငြူလိုက်သည်။
ကျော်ကြီးက အရယ်မရပ်နိုင်တော့ သူမိန်းမ ရွှေတင်က ထပြောလိုက်သည်မှာ နင်အသံက ကိုထီးကြီးတောင် အရှုံးပေးရလိမ့်မယ် အသံက စူးစူးရှရှ ကွဲအက်နေပြီး ရွာက ငတိုးကြီး အရက်မူးပြီး မီးဘေးဆိုတဲ့သီချင်း အော်ဆိုနေသလိုပဲ ငါ့သမီးလေး နင်အသံကိုကြောက်လို့ ငိုနေပြီ တဲ့။ အမေလေး… နိုင်းရက်လေပ မိတင်ရေ ဒီတစ်ညကိုရှမ်းကြီး အိပ်နိုင်တော့မှာ မဟုတ်ဘူးလေ၊ ဘာပြုလို့လဲ ဆိုတော့ အဲ့ဒီငနဲကြီး ကိုတိုးဆိုတာ ရွာမှာအဆိုးဆုံး အရှုပ်ဆုံးပဲ၊ ကျနော်က တော် တော် တော်တော့ မိတင်ရာ။ အသံကောင်းသည်ဖြစ်ဖြစ် မကောင်းတာပဲဖြစ်ဖြစ် အထိက ငါ့ကို ထမင်းကြွေးတော့ ပိုက်ဆာနေပြီဟု ကျနော်ပြောလိုက်တော့ သူတို့က ဟေ့ ဟေ့ နေဦး ကြက်မသတ် ရသေးဘူးဟု ဆိုသူဆို၊ အေး.. ဟုတ်သဟ ၀က်မသတ်ရသေးဘူးဟု ပြောသူပြော ဆူဆူညံညံ ဖြစ်သွားသည်။ ကျနော် အိမ်ဝိုင်းစတိတ်ရှိုး ပွဲလေးကို ငြိမ်းသတ်ရန် ဟေ့ ဟေ့ နင်တို့နားထောင် ၀က်လည်းမသတ်နဲ့ ကြည်ခေါင်းလည်းမဖြတ်နဲ့ ရောဂါကြောက်တယ်၊ ငါက သားသတ်လွတ်သမား အသားမရှိရင် ကြက်ဟင်းခါးနဲ့လည်း ပြီးတယ်ဟု ဆူညံပူညံ ပွဲလေးကို သိမ်းလိုက်ရသည် ။ ။

ဤမျှသာ ကျေနပ်တော်မူပါ


ခင်မင်လေးစားမှုများဖြင့်
စိုင်းလင်းတိုင်း

မင်းဝမ်းသာတော့


အနေဝေးခဲ့ပေမယ့် ပြန်ဆုံသည့်တစ်နေ့မှာ
မခွဲမခွါမေ့အနားပဲ နေတော့မည်။

အနေဝေးခဲ့ပေမယ့် ပြန်ဆုံတွေ့သည့်ချိန်
ချိုမြိန်သည့်ချစ်ခြင်း နှင်းကာအပ်ပါ့မည်။

အနေဝေးပေမယ့်လို့ တို့ပြန်ဆုံသည့်အခါ
မေ့စိတ်ချမ်းသာအောင် ဆောင်ကာချင့်ပါ့မည်။

အနေဝေးခဲ့၍ ပြန်မဆုံတွေ့သေးခင်
ချစ်နှမရင်ထဲ စမ်းရေပမာအေးမျှစေဖို့
မောင်ကြီးကိုယ်စား သ၀န်လွှာလေးပါးလိုက် သည်။

အနေဝေးခုခါ နှမရင်မှာသံသယ
ပတ်ဝန်းကျင်ကစကား ရင်မှာသိုလှောင်ထားပါနှင့်
ရင်နှင့်စေမည့်အတွေမျိုး ကိုင်းခက်ချိုးကာလွှင့်ပစ်လိုက်ကွယ်။

ပြန်ဆုံရသည့်အခါ ရင်မှာပွင့်လန်း
ဒီအချစ်ပန်းကမေ့အတွက် မပျက်မကွက်ပန်ပေးမည်
မောင့်ချစ်သည့်နှမငယ်ရေ မင်းဝမ်းသာတော့။ ။


။ ။ မှတ်ချက် ။ ။
အစကတော့ ဟာသစာပေလေးတစ်ပုဒ်ထပ်ရေးမလို့ပါပဲ၊ ဒါပေမယ့် ဟာသဖြစ်စေမယ့်အတွေးက ဘယ်ဆီလမ်းတလားနေမှန်းမသိ ခုထိသူရောက်မလာသေးဘူး၊ ငါးမိနစ်လောက်တွေးပြီးပေမယ့် သူထွက်မလာလို့ ဆယ်မိနစ်လောက် လက်ကလိလိုက်တာ ဒီလို ကဗျာလိုလို စာကြောင်းလေးတွေဖြစ်လာခဲ့ပါတယ်။ မကောင်းရင် ပြောပါခင်ဗျား။ ပြန်လည်ဖျက်ပစ်လိုက်ပါ့မယ်၊ လွတ်လွတ်လပ်လပ်ပေါ့နော်။

ချစ်ခြင်းများစွာဖြင့်


-

ဝါးလုံးရေပြွက်နှင့် အာသာသင်္ကြန်


သင်္ကြန်ရောက်ပြီမို့ မန္တလေးက သူငယ်ချင်းတစ်စုက မန္တလေးမှာ သင်္ကြန်လာပျော်ရန် မနှစ်ကျနော်တို့ တွေ့ဆုံကတည်းက ဖိတ်ခေါ်ထားသည်။ ခုလည်းစာနှင့်တကွ ဒုတိယအကြိမ် ထပ်ခေါ်လိုက်သည်။ ဒီလိုနှင့် တောမင်းသားလေးတစ်ယောက် မန္တလေးမြို့ကြီးသို့ ရောက်ခဲ့သည်။ အဟဲ… မန္တလေးကားဂိတ် ရောက်ခါနီး အတွေးကစတော့သည်၊ လမ်းမှာကြတော့ စိတ်မကူးပဲနှင့် ကားပေါ်မှာ တစ်ချိန်လုံး ငိုက်မျဉ်းနေတာ ခုမှမဟုတ်ကဟုတ်က အတွေးက ၀င်လာသည်။ အဟဲ… မန္တလေးရောက် ခေါင်းပေါင်းကြီးနဲ့ ကိုရှမ်းကြီးတစ်ယောက် ပေါ့လေ။ ဘယ်သူနဲ့တွေ့မယ် ဘယ်လိုပျော်ကြမယ် ဘယ်သူ့ကို ဘယ်လို ရေလောင်းချလိုက်မယ် ဟို ငနဲတွေကို ဘယ်လိုစမယ် စသည်စသည်ပေါ့ဗျာ။
ကျနော်သည် အတွေးကောင်းကောင်းနှင့် တွေးနေလိုက်တာ ကားစပါယ်ယာသံကြားမှပဲ ကားဝင်း ရောက်နေမှန်း သိတော့သည်။ ကားစပါယ်ယာက ``ကိုရှမ်းကြီး ကိုရှမ်းကြီး ကားပေါ်မဆင်းချင် တော့ဘူးလား၊ ဘာလဲ ကျုပ်တို့ကားက စီးကောင်းနေလို့လား၊ ကြိုပို့ကားတောင် မြို့ထဲထွက်သွားတာ ကြာပေါ့ ဟုပြောတော့`` ဟာ.. အေးအေး.. ဆင်းပြီဗျို့ ကျုပ်သတိမေ့နေလို့ စိတ်မရှိနဲ့နော် ဆင်းပြီ ဆင်းပြီဟု ကျနော်တောင်းပန်လိုက်ရသည်။ သူက ``ဟင်.. ခင်ဗျား ကားပေါ်မှာသတိမေ့နေတယ် ဟုတ်လား၊ ခင်ဗျား ကားမူးတာလား ဟိုနားမှာ ဆေးဆိုင်ရှိတယ် ဆေးလေးဘာလေး ၀ယ်သောက်အုန်း၊ ကျနော်လိုက်ပို့ပေးရမလား။ အာ… ခင်ဗျားကလည်း ဘာလို့ဆေးဆိုင်သွားရ မှာလဲဗျ၊ ကျုပ်သတိလစ်နေတာကို ပြောတာမဟုတ်ဘူး၊ အတွေးနဲ့မို့ ဆင်းဖို့မေ့သွားတာဟု ကျနော် ပြောလိုက်သည်။ အရေးထဲ ဒီငနာက သတိလစ်တာ သတိမေ့တာတို့ကို အဓိပါယ်မကွဲတာလား ကျနော်ကပဲ စကားလုံးမကွဲတာလားတော့ မသိဘူး၊ ပဲပြုတ်စားတဲ့ ပါးစပ်ကြီးနဲ့ ဖွဖွ နိမိတ် မဖြစ်ပါစေနဲ့ဟု စိတ်ထဲရေရွတ်လိုက်သည်။ သူတို့ကား စီကောင်းလားတဲ့ ကားထဲနံစော်နေတာပဲ ဘာနံလို့နံမှန်းမသိဘူး၊ ကားကောင်းချက်ကတော့ အပျင်းပြေ သီချင်းလေးတွေတောင် မဖွင့်နိုင်ရှာဘူး။ အဆင်းနောက်ကျခဲ့၍ ကြိုပို့ကားမမီလိုက်တော့ ကားငှါးပြီး သူငယ်ချင်းတို့အိမ်သို့ လာရသည်။ သင်္ကြန်ပျော်ဖို့ စုထားသည့် မုန့်ဖိုးလေးတော့ လျှော့သွားတာပေါ့။ ဒီအစုပ်ပလုတ် အတွေးကြောင့်ပဲဟု ကိုယ့်ကိုသာအပြစ်တင်မိသည်။


ဆက်လက်ဖတ်ရှုရန်


ညနေပိုင်းရောက်တော့ သူငယ်ချင်းတွေ စိန်ကြီးတို့အိမ်သို့ ရောက်လာပြီး မုန့်လုံးရေပေါ် သွားစားမည်ဟုဆိုသည်။ စိန်ကြီးက အေး အေး အတော်ပဲ၊ ပြီးတော့သူသည် ကျနော့်ကို လက်ညိုးထိုးပြီး ``ဒီကောင်ပါလိုက်အောင် ခေါ်စမ်းပါ၊ ခုနားတင်ပဲ ငါက အဲ့ဒီအကြောင်းပြောပြနေတာ သူကမလိုက်ချင်ဘူးဆိုပြီး ငြင်းနေတာလေ`` မောင်ငယ်က ကျနော့်လက်ကိုဆွဲပြီး အတင်းခေါ်၍ လိုက်ခဲ့ရသည်။ ကျနော်က ``ဘာလို့သွားစားရမတုန်းကွ သူများက ငါတို့ကို ဖိတ်ထားလို့လား`` ဟုမေးတော့၊ စိန်ကြီးက ``မင်းမသိပါဘူး စိုင်းရာ၊ လိုက်မှာသာလိုက်ခဲ့၊ စကားမများနဲ့၊ မုန့်လုံးရေပေါ်ဆိုတာ မခေါ်မုန့်လို့ ခေါ်တယ်မှတ်ထား၊ သူတို့ခေါ်ခေါ်မခေါ်ခေါ် ဖိတ်ဖိတ်မဖိတ်ဖိတ် ၀င်စားလို့ရတယ်ကွ၊ ပြီးတော့ ထမင်းတစ်နပ် အကုန်သက်သာတယ်.. ပျော်လည်းပျော်တယ်.. ဟီး`` ဆိုပြီး ရယ်ရယ်မောမောဖြင့် ပြောလိုက်မှ ကျနော်သဘောပေါက်သွားသည်။ လမ်းထဲရောက်တော့ သူတို့ပြောသည့်အတိုင်းပါပဲ မုန့်လုံးရေပေါ်လေးတွေက ပေါ်ချင်တိုင်းပေါ်လို့ နေရာမရွေး အိမ်မရွေး ပျော်ပျော်ရွှင်ရွှင်နှင့် လုပ်စားကြသည်၊ မျက်နှာစိမ်းတွေရော မျက်နှာကျက်တွေရော တွေ့နေရသည်။ စားမည့်လူတွေက တစ်ခါတရံ ချောကလက်လေးတွေလို တန်းစီစောင့်နေသည်။ ဒီနေရာမှာ အစားပုပ်သည့် ကျနော်တို့အဖွဲ့သည် ဆိုးဆုံးပေါ့။ ကျနော်သည် မုန့်လုံးရေပေါ်အတိုင်း မုန့်လုံး ကျက်ကျက် မကျက်ကျက် ပေါ်သမျှမုန့်လုံးလေးတွေကို ဆယ်ယူစားတော့တာပဲ။ ပိုက်ဆာ နေသည်မို့ ချိုနေလျှင်ပြီးရောဆိုပြီး ပလုံးပထွေဝါးစားနေခဲ့သည်၊ ကြာလာတော့ မုန့်ပိုင်ရှင်တွေက အမြင်ကပ်ဟန် တူပါသည်၊ ``စား စား စားထား၊ ဒီတစ်အိုး ကုန်အောင်စား`` ဆိုပြီးတော့ မုန့်လုံးတွေကို အိုးထဲ နောက်ထပ် ထည့်ပေးလိုက်သည်။ ကျနော်ကပဲ အရင်ဆုံး သုံးလုံးလောက် ဆယ်ယူလာပြီး စားလိုက်သည်၊ ``အားပါးပါး ပူ ပူ ပူတယ်၊ ရေ ရေ ရေပေးအုန်း``။ ဟောဗျာ တစ်ယောက်မှ ကျနော့်ကို ရေမပေးဘူး သူတို့အားလုံးက ကျနော့်ကို ၀ိုင်းပြီး ဟားတိုက်ရည်နေတော့သည်။ သူတို့ထဲက ကောင်မလေးလေး (၁၅နှစ်သားအရွယ်) တစ်ယောက် ရေတစ်ခွက်လှမ်းပေးလိုက်မှ ၀ူး… အပူ အစပ် နည်းနည်းလျှော့သွားသည်။ သို့ပေမယ့် ငရုပ်သီးအရှိန်က မပြေသေးဘူး မငိုချင်ဘဲနဲ့ မျက်ရည်ကျ နေသည်၊ စပ်လွန်းနေ၍ ရှာကို အပြင်ထုတ်ထားလိုက်ရသည်၊ ဒီလိုဆို မမောဘဲနဲ့ ရှာတထုတ်ထုတ်နှင့် ခွေးတွေကို သွားသတိရမိသည်။ အဖြစ်ကလည်း အဲ့ဒီလိုတူလွန်းနေသည်။ အိမ်ပြန်ရောက်မှ သိရတော့သည် အော်… လက်စသတ်တော့ ဟို.. မုဆိုးမလေး မိဝိုင်းက ငရုပ်သီး လေးငါး လုံးလောက်ကို ခိုးထဲထားတာလို့ မောင်ငယ်ဆိုသည့်ကောင်က အခုမှလာပြောပြသည်။
ဒီလိုနှင့် နောက်တစ်နေ့ရောက်တော့ သင်္ကြန်ပျော်ဖို့အတွက် ကျနော်တို့ သူငယ်ချင်းတစ်စု မနက် စောစောစီးစီး အလုပ်ရှုပ်နေခဲ့သည်။ ဟိုကောင်က ပြောသည် ``ဟေ့… ကိုစိုင်း မင်းဘာယူမလဲ တို့ချိုးတဲ့ ဖလားခွက် ဒါမှမဟုတ် သံပုံးအသေးတစ်ပုံးရှိတယ် အဲ့ဒါယူမလား၊ ငစိန်က ပြောသည် ``ဟေ့ ဟေ့ သူ့ကို ပလက်စတစ် တစ်အိတ်သာ လမ်းကြုံရင် ၀ယ်ပေးလိုက်ဟု ပြောလိုက်တော့ ကျနော်က ``ဟေ့ကောင်.. ပလက်စတစ်က ဘယ်လိုပက်မှာလဲဟ၊ ပလက်စတစ်ကြီးနဲ့ဆို မျက်နှာငယ်လွန်း တယ်ကွာ ငါသွားတော့ဘူးဟု ကျနော်သည် စိတ်ပျက်လက်ပျက်နှင့် အိပ်ခန်းထဲ ၀င်သွားအပြု ဟိုကောင်က ``ဟာ ဟေ့ ဒီလောက်ကြီးတော့ စိတ်အားမငယ်ပါနဲ့ ငစိုင်းရာ၊ ဟိုကောင် ငစိန်က အဲ့ဒီလိုပဲ သူများကို အားမနာပါးမနာ ပြောင်တတ်တယ်၊ လာ လာ ပြန်လာခဲ့ ဒီမှာ ကားက အဆင့်သင့်ဖြစ်နေပြီ။ ဒီနေ့ ငါ့တို့ ဦးပိန်တံတားဘက်နဲ့ ကျုံးကြီးဘက်လှည့်မယ်၊ နောက်နေ့ကျမှ ကျန်တဲ့နေရာတွေကို လှည့်မယ်။ စကိုင်းဘက်သို့လည်း လှည့်အုန်းမည်ဟု သူကပြောသည်။ ကျနော်သည် သွားမည့်ကားကို လှမ်းကြည့် လိုက်တော့ လိုင်းပြေးဆွဲနေသည့် ဟွန်ဒါဆိုလား ဟန်ဒါဆိုလား အဲ့ဒီကားမျိုးဖြစ်နေသည်၊ အပေါ်ကအမိုးကိုဖြုတ်ပြီး ဆင်သင့်သင်္ကြန်ကဲရန် မာန်မူနေသည့်ဟန်။ ဂျက်ကြီးကပြောသည် ``ကိုစိုင်း သံပုံးနဲ့ ဖလားခွက် ကြိုက်တာရွေး သွားတော့မယ်``။ အေးအေး သံပုံးယူမယ်၊ လာပြီ လာပြီ။ အမေလေးနော် နင်တို့က လောလော လောလောနဲ့ ငါ့မှာဖြင့် ဘာလုပ်ရ မှန်းတောင် မသိတော့ဘူး၊ ရှုပ်ယှက်ကိုခတ်နေတာပဲ။
ကားပေါ်ရောက်မှ ကျနော်တစ်ခု သတိရလိုက်သည်၊ ``ဟ..ဟေ့ကောင်တွေ ခဏ`` ဆိုပြီး ပြန်ခုန်ဆင်း လိုက်သည်။ ကျနော်က ``ခဏလေးနော် ငါတစ်ခုမေ့နေလို့``၊ သူတို့ခင်ဗျား ပွစိပွစိ ဆူညံပူညံနှင့် တီးတိုးပြောနေကြသည်။ ဘာပဲပြောပြော မေ့နေသည့် ပစ္စည်းက အရေးကြီးဆုံး၊ ဒါကြောင့် ကျနော်သည် အိမ်ထဲပြေးဝင်လိုက်သည်။ အဒေါ်ကြီးက ``ဟေ့ ဟေ့ နင်မသွားဘူးလား ဘာဖြစ်လို့၊ ဘာတွေမေ့ကျန်နေလဲ`` ဟုမေးသည်။ အလောတကြီး အရေးပေါ်မို့ အဒေါ်ကြီး မေးခွန်းတွေကို ဖြေမနေတော့ အိပ်ခန်းထဲဝင်ပြီး ကျနော့်ရဲ့ ရေပြွက်လေးကို ဆွဲယူပြီး ကားဆီသို့ အမောတကော ပြေးလာခဲ့သည်။ ဟိုကောင်တွေ ကျနော့်ကို တအံ့တသြကြီးနှင့် လှမ်းကြည့်နေသည်၊ သူတို့ လှမ်းကြည့်နေရာက ကျနော်မျက်နှာကိုမဟုတ် လက်ကိုကြည့်နေသည်။ ကျနော်ကားပေါ် ရောက်နေပြီ၊ ကားဆရာရေ ရပြီမောင်းတော့ဟု တစ်ယောက်မျှ မအော်သေး၊ ကျနော်က ``ဟေ့ကောင်တွေ ဘာဖြစ်နေလဲ ငါရောက်ပြီလေ သွားတော့လေ``ဟု ကျနော် ပြောတော့ အထဲကတစ်ယောက် မေးလိုက်သည် ``အဲ့ဒါ ဘာကြီးလဲ လူရိုက်ဖို့ ၀ါးလုံးလား``၊ အာ.. ဘယ်က လူရိုက်ဖို့ ၀ါးလုံးဖြစ်ရမှာလဲ လူတွေကို ရေပက်ဖို့ဟေ့ ရေပက်ဖို့ သိပြီလား၊ တောမှာကတည်းက ကျကျနနကို လုပ်ထားတာ၊ အဲ့ဒါ ၀ါးလုံးရေပြွက်လို့ ခေါ်တယ်ဟု ကျနော်ဖြေလိုက်သည်။ သူတို့က ``အော်… ၀ါးလုံးရေပြွက်တဲ့လား မသေသေးလို့ မြင်ဖူးသွားတယ် တဲ့``။
ကျနော်သည် မပြောမဆိုနှင့် ၀ါးလုံးရေပြွက်ကို ပုံးထဲကရေကို စုပ်ယူလိုက်ပြီး ကို့ယို့ကားယားကြီးနှင့် ပွဲမစရသေးခင် အပျော်ကြီးပျော်ပြီး ကနေသည့် အာနိုးဆိုတဲ့ကောင်ကို လှမ်းပက်ထဲလိုက်သည်။ ဟိုကောင်ခများ အောင်မေလေးကို မည်သွားအောင် အော်လိုက်ရသည်.. သူကအော်ပြောသည် ခင်ဗျားရေပြွက်ကြီးက ပျင်းသဟ၊ အညောင်းကို ပြေသွားတယ်ဟု ဆွလိုက်တော့ ကျနော်က ထပ်ပက်ရန် ချိန်လိုက်တော့မှ အာနိုးကြီးလန့်သွားပြီး ``ဟဟ.. တော် တော် တော်ပါတော့၊ ငါက ယောကျားဟ၊ မင်းပက်ရမှာက မိန်းကလေးဟု လက်တကာကာနှင့် ပြောသည်။ အာနိုးဟုသာ နာမည်ရသည်၊ လူက လေတိုက်လျှင် လဲမယ့်ပုံ။ စိန်ကြီးက ကျနော့်ဝါးလုံးရေပြွက်ကို သဘောကျ ဟန်တူသည်၊ သူ ခဏ ခဏ ကျနော့်ကို တီးတိုးပြောသည် ရောင်းမလား၊ ဒါမှမဟုတ် ဖလားခွက်နှင့် ခဏလောက် လှဲကိုင်မလားဟု တစ်လမ်းလုံး ပြော၍နေတော့သည်။ ကျနော်က နောက်နေ့ ပေးကိုင်မည်၊ ဒီနေ့တော့ ကျနော် ကိုင်မည်ဟု ပြောလိုက်မှ ဒီကောင်ကြီး ငြိမ်သွားတော့သည်။
နောက်နေ့ကျတော့ ကျနော်သည် သူတို့နှင့် လိုက်မသွားနိုင်တော့ပါဘူး၊ အရင်နေ့က တစ်နေကုန် ရေစိုပြီး အအေးပတ်လို့ ဖျားပါလေရော့လား၊ ဖျားမယ်ဆိုလည်း ဆိုလောက်ပေသည်၊ နေပူပူကြီးထဲမှာ ရေစိုလိုက်၊ ခဏကြာတော့ အ၀တ်တွေက ခြောက်သွားလိုက်၊ အ၀တ်အစားခြောက်ပြီး နှစ်မိနစ်တောင် ကြာမည်မထင် ဟိုက ပက်လိုက် ဒီဘက်ဘေးက ပက်လိုက်၊ အ၀တ်ပြန်စိုရွှဲသွားလေရော။ လူကြဲတဲ့ နေရာရောက်တော့ အ၀တ်တွေခြောက်သွားလိုက်၊ စိုလိုက် ခြောက်လိုက်၊ ခြောက်လိုက် ပြန်စိုလိုက်နဲ့ လူက ပန်းပဲဖိုထဲက သံချောင်းတစ်ခုနဲ့ ချွတ်ချွတ်ကို သွားတူနေတော့သည်။ အ၀တ်အစားတွေ ခြောက်သွားပြီဆို ချွေးကိုပျံနေသည်။ ရေရွှဲနေသည့်အချိန်ဆို တစ်ကိုယ်လုံး တုန်နေအောင်ကို ချမ်းသည်၊ သွားချင်း ခလုတ်တိုက်သည့်သံကို ဒက် ဒက် ဒက်နဲ့ပင် ကြားနေရသည်။ ဟိုတစ်နေ့ ကားဂိတ်က ကားစပါယ်ယာကို သွားသတိရသည်၊ ပဲပြုတ်စားသည့် သူ့ပါးစပ်ကြီးကိုက မန်တလာမြေ ရောက်ရောက်ချင်း နိမိတ်ဖတ်လိုက်တာကိုး။
သူငယ်ချင်းတွေက လာမေးကြသည်၊ ``လုံးဝကို မသွားနိုင်တော့တာလား.. တဲ့``။ ကျနော်က ``ဘယ့်နှယ် မသွားနိုင်ရမှာလဲ၊ အဖျားကြောင့် အဖျားကြောင့်ဟေ့ မင်းတို့နှယ် ငါ့များ ခြေကျိုးကြီးပုံစံနဲ့ လာမေးရက်တယ်``ဟု ပြောချလိုက်သည်။ ငါလိုက်တော့ဘူးကွာ မင်းတို့သာ ပျော်ပျော်ရွှင်ရွှင်နဲ့ အာသာသင်္ကြန်ကြီးကို ဆင်နွဲလိုက်တော့ဟေ့။ ငစိန်က ``ဟေ့ကောင်စိုင်း`` ဟုရုတ်တရက်ခေါ်သည်။ အောင်မလေး ဟေ့ကောင်စိုင်းတဲ့ ကျနော်ဖြင့် ကိုယ့်ကိုကိုယ် ခုန်ဆွခုန်ဆွနှင့် တိရိစ္ဆာန်လေး တစ်ကောင်ဖြစ်ပလား ထင်ယောင်ထင်မှားပဲ။ ``ဟေ့ကောင် စိန်ကြီး မင့်ခေါ်သံကြီးက ကြက်သရေ မရှိလိုက်တာ စိုင်းဆိုစိုင်း၊ ငစိုင်းဆိုလည်း ငစိုင်း၊ ကိုစိုင်းဆိုလည်း ကိုစိုင်းပေါ့ကွ``ဟု ကျနော်ငေါက်ပစ်လိုက်တော့ သူက အေးပါ အေးပါ အဟီး ခေါင်းပေါင်းကြီးရေ တဲ့။ ကျနော်က ဘာတုန်း ခေါ်ပြီးတော့ ဘာမှလဲမပြောဘူး၊ သူက အဟဲ… ဟို ဟို.. ဟိုလေ၊ ကျနော်က ``ဟိုဟို ဟိုးဟိုးနဲ့ ဘာတုန်းဟ ငါနားလည်ဘူးကွ ဟကောင်ရ``၊ ဘာလဲ ဗေဒင်မေးမလို့လား၊ ငါဗေဒင်ဟောတတ်ဘူး။ သူက ``အာ… မင်းကလည်း ဘယ်ကဗေဒင်မေးရမှာတုန်း ငှါးမလို့ ငှါးမလို့ဟ။ ကျနော်က ``ဘာငါးတာလဲ၊ မင်းငါးသွားမျှားမလို့လား၊ အဟင်း… ငါးသွားမျှားမှာကိုများ ငါ့လာပြော နေသေး၊ ငါက နင့်ယောက္ခထီးကြီးမို့လားဟု ပြောတော့ သူက “ဟာ… ဟေ့ကောင် စိုင်းကြီး တော်… တော်.. တော်တော့ ရပ်တော်မူပါတော့ ဆရာရေ မင့်နဲ့ ဆွေမျိုးချင်း မတော်ချင်ဘူး၊ မင်းရဲ့ ၀ါးလုံးရေပြွက်ကို ငှါးမလို့ကွ၊ အရေးထဲ ငှနဲ့င ကိုမကွဲဘူး”ဟု ပြန်ပြောသည်။ လက်စသတ်တော့ စိန်ကြီးက ကျနော့်ဝါးလုံးရေပြွက်ကို သဘောကျနေသည်။ ကျနော်က ``ဘယ်နဲ့လဲ… မင်း ငါ့ဝါးလုံး ရေပြွက်ကို ခိုက်သွားပြီ မဟုတ်လား စိန်းကြီး၊ တွေ့တယ်မို့လား မနေ့က ဟိုကောင်မလေးတွေကို ငါ့ဝါးလုံးရေပြွက်နဲ့ အဝေးကြီးကနေ လှမ်းပစ်ဘာ ယှက်ခနဲ ယှက်ခနဲပဲ``ဟု ခပ်ကြွားကြွားဖြင့် ပြောလိုက်သည်။ သူက ``ဟ.. မင်းဆို တဲ့ကောင် တယ်စကားများတာပဲ ဗမာသာဆိုလျှင်တော့ အတော့်ကို နားငြီးမယ့် ကောင်ပဲ၊ ဒီထဲ စကားက မပီကလာ ပီကလာနဲ့ ဇွတ်ပြောနေတော့တာပဲ၊ ယှက်ခနဲ ယှက်ခနဲမဟုတ်ဘူးဟ၊ ရှပ်ခနဲ ရှပ်ခနဲပါ ဟကောင်ရ၊ ဗမာစကားပီအောင် လေ့ကျင့်အုန်း``ဟု ပြောတော့ ကျနော်က အေးပါ အေးပါ ဒါပေမယ့် ယှက်ခနဲဖြစ်ဖြစ် ရှပ်ခနဲဖြစ်ဖြစ် ဘျင်းခနဲဖြစ်ဖြစ် နားလည်ရင်ပြီးတာပဲ မဟုတ်လား။ သူက ``အေးအေး ပြီးတယ် ပြီးတယ် ၀ါးလုံးရေပြွက်ပေးမလား မပေးဘူးလား ဒါပဲပြော၊ ဟိုမှာ ဟိုကောင်တွေ စောင့်နေတယ် သွားတော့မယ်ဟုပြောတော့မှ ကျနော်က အေးအေး ယူ ယူ၊ ပေးတယ် ပေးတယ်၊ ငါ့ဝါးလုံးရေပြွက်နဲ့ ဒီနှစ်အာသာသင်္ကြန်ကြီးမှာ မင်းတို့ရဲ့ ရမက်ကြီးတွေကို ပြောင်လက်နေအောင် ဆေးခဲ့လိုက်နော်၊ သွား သွားဟုကျနော်က မကျေမချမ်းဖြင့် ကျန်ခဲ့သည်။
စိန်ကြီးက မကြားတကြားနှင့် လှမ်းပြောလိုက်သည်မှာ မပီကလာ ပီကလာနဲ့ အာသာတင်္ကြန်တဲ့ ဟားဟားဟား ဖျားနေလို့ နားငြီးသက်သာတယ် နေများကောင်း လို့ကတော့ မလွယ်ဘူး။ ဟေ့ရှမ်းကြီး သွားပြီဟေ့။ နေရစ်ခဲ့တော့ ဘိုင်းဘိုင် အတာသင်္ကြန် မဟုတ်တဲ့ အာသာသင်္ကြန်ကြီးကို ခင်ဗျား ၀ါးလုံးရေပြွက်ကြီးနဲ့ သွားရောက် ဆင်နွဲပါတော့မယ်၊ နေခဲ့တော့ အာသာကြီးကို အပြည့်အ၀ မဖြည့်နိုင်တဲ့ အာသာသင်္ကြန် ကောင်ကြီးရေ တဲ့လေ``။


ဤမျှသာ

မှတ်ချက်။။
အဟုတ်မမှတ်လိုက်ပါနဲ့ သူများပြောလို့ ဒီလိုရေးလိုက်ပါသည်။း)

ချစ်ခင် ခင်မင် ကြင်နာမှုများဖြင့်


ကိုယ့်အချစ်

ဆုံနိုင်ဖို့ မေ့ကြိုးစားရဲ့လားကွယ်
ဒီရင်မှာလေလွမ်းနေတာ
မေ့မှာ ခံစားနားလည်နိုင်ပါ့မလား။
ဆုံနိုင်ဖို့လေးအမြဲ ကိုကြိုးစားနေဆဲ
ဒီလိုအချိန်မျိုးမှာ မင်းလေးလွမ်းနေတာ
ကိုယ့်ရင်မှာခံစားနားလည်ရင်း
ပြန်လည်ဆုံတွေ့ခြင်းရဲ့ ချိုမြိန်တဲ့အရသာ
ပုံအပ်ပေးချင်တာ ကိုယ့်ရဲ့အချစ်။ ။

ဒီကဗျာလေးကတော့ ဟောင်းခဲ့ပါပြီ။ မအားအလပ်နဲ့မို့ စာအဟောင်းတွေကိုပဲ တင်လိုက်ပါတယ်။
ချစ်ခြင်းများစွာဖြင့်


-

ငုဝါပွင့်ချိန်


ငုဝါလေးတွေပွင့်ချိန်မှာ
သတိရနေတာ လွန်မယ်မထင်
ကြင်နာသူရေ ဆုံကြစို့။
ငုဝါတွေပွင့်ချိန်ရောက်
ကိုယ့်လောက်လွမ်းတဲ့သူ
ဒီမြေ့ဒီဇဗ္ဘူ ဘယ်သူမှရှိနိုင်မယ်မထင်
ကြင်နာသူရေ ဆုံကြစို့။
ငုဝါလေးတွေပွင့်တော့လည်း
ကြင်သူလေးကအဝေးမှာ
ဆုံနိုင်တာ မဆုံနိုင်တာ
မသေချာမရေရာပေမယ့်
မျှော်လင့်ခြင်းရဲ့ အစွန်းတစ်ဖက်ရောက်နေဆဲ၊
ငုဝါလေးတွေပွင့်ပြန်ပြီ
မောင်နဲ့မေ ဆုံနိုင်ဖို့ကြိုးစားစို့ကွယ်
ဒီဘ၀မှာလေ အတူနေရမှ
ရင်အပူမီးကအေးလိမ့်မယ်
ကြင်နာသူရေ ဆုံကြစို့လားကွယ်။ ။

ချစ်ခြင်းများစွာဖြင့်
-

ရွာကိုတော့မရွှ့ နဲ့

တစ်နေ့ ကျနော်သည် အစ်မတစ်ယောက်၏ web ဆိုက်ဆီမှ ကျနော်သဘောကျသည့် သီချင်းလေး သုံးလေးပုဒ် ဒေါင်းလုဒ်ယူလိုက်ပြီး ကျနော့်၏ဖုန်းထဲ ထည့်ထားလိုက်။ အားသည့်ချိန် ဒါမှမဟုတ် လူစိတ်ပျောက်သည့်ချိန်မှာ အပြင်းဖြေအနေနဲ့ နားထောင်ရအောင်ပေါ့။ အဲ့ဒီ အစ်မကဆိုလျှင် တကယ့်ကောင်းပေ့ ဆွေးပေ့ ထိပေ့ဆိုသည့် သီချင်းလေးတွေပဲ ရှာဖွေထည့်ထားသည်။

ဆက်လက်ဖတ်ရှုရန်


ကျနော်သည် ဆွေးရ လွမ်းရမှာကို ကြောက်လန့်မိပေမယ့် လွမ်းပေ့ ဆွေးပါပေ့ဆိုသည့် သီချင်းလေးတွေကိုပဲ ကြိုက်နှစ်သက်နေသည်။ အဲ့ဒီ ကျနော်ခင်မင်ရသည့် အစ်မက တကယ့်ကို သဘောထား ပြည့်စုံသည်ဟုထင်သည်။ လူချင်းမတွေ့ရပေမယ့် စခင်မင်သည့်နေ့က စ၍ သူမကို သံယောဇဉ် တွယ်မိနေသည်။ သံယောဇဉ် တွယ်မိတယ်ဆိုသည်မှာ အထင်မလွဲလိုက်ပါနဲ့ တကယ့်ကို မောင်နှမအရင်းလို ခင်မင်ချစ်ခင်မိ နေတာပါ။ သူမနဲ့သာ အပြင်ဘက်မှာ ဆုံတွေ့လိုက်လို့ကတော့ ဆိုးဆိုးနွဲ့နွဲ့ကြီးနှင့် ကလေးပေါက်စလေး တစ်ယောက်ကဲ့သို့ ဆိုးနွဲ့ပစ်မှာ သေချာသည်။ ဆိုးနွဲ့သည်ဆိုသည်မှာ မုန့်ဖိုးတောင်းမည် ဟိုဟင်းမျိုးစားချင်သည် သည်ဟင်းမျိုးစားချင်သည် လုပ်ကျွေး ချက်ကျွေး ၀ယ်ကျွေးစသည့်တို့ပေါ့ဗျာ။ လူကြီးဖြစ်လျက်နှင့် အဲ့ဒီလိုမျိုး ဆိုးသည် ဆိုတာသည်လည်း တစ်ခါတစ်လေပေါ့ဗျာ။ အမြဲတမ်း ဆိုးနေသည် ဆိုလျှင်လည်း သူမက ဘယ်ခံနိုင်ပါ့မလဲဗျာ။ လူမပြောနှင့် သဘောကောင်းပါတယ်ဆိုသည့် ချစ်တော်အမွေးဖွား ကြောင်လေးလည်း ဒီလူတကယ့်ကို မျက်စိနောက်သည်ဆိုပြီး လက်သည်းထုတ်ပြီး ကုတ်ခစ်ပစ်သေချာသည်။

ဟိုတစ်နေ့ ကျနော်သည် ပျင်းပျင်းနှင့် အိမ်ကခွေးလေးတစ်ကောင်နဲ့ ဆော့နေခဲ့သည်။ အဆော့သန်ပါသည်ဆိုသည့် ခွေးလေးတောင်မှ ကျနော့်ကို အရှုံးပေးခဲ့ရသည်။ ဒီလိုပါ… ကျနော်သည် ကုလားထိုင်လေးတစ်လုံးကို ဆွဲယူပြီး အပြင်ဘက်မှာ စာတစ်ပိုဒ်နှစ်ပိုဒ် ဖတ်မည်ဟုကြံသည်။ ဟောဗျာ… တံခါးပေါက်ဝ ရောက်ရုံသာရှိသေးသည် ခွေးလေးက ကျနော့်ကို သူနှင့်ဆော့ဖို့ စောင့်ကြိုနေသည်။ အစကတော့ ဆော့ဖို့စိတ်ကူးမရှိခဲ့ဘူး နောက်တော့ ခွေးလေးကိုမြင်တာနဲ့ပဲ ဆော့ချင်စိတ်က ပေါ်ပေါ်လာသည်။ ကျနော်က ကဲ့ကဲ့ မထူးတော့ပါဘူး မင်းက ဒီလောက်ဆော့ချင်သပ ဆိုလျှင်လည်း လာလိုက်လေရော့ ဆိုပြီး ကုလားထိုင်ရော စာအုပ်ပါ ခဏအသာထားပြီး လာလေရော့ဆိုပြီး သူ့ဆီကို ကျနော်ပြေးသွားသည်။ ခွေးလေးက အနားကပ်မခံ အိမ်ကို ပတ်ပြေးလေပါရော ကျနော်လည်း လိုက်ဖမ်းသည်။ ခွေးလေးက အဖမ်းမခံ ဘယ်ညှာလှည့်ပြီး အိမ်ပတ်ပြေးနေသည်။

ကျနော် ခဏရပ်လိုက်ပြီး စဉ်းစားသည်။ ဒိုင်းခဏခနဲ အတွေးတစ်ခုဝင်လာသည် “ငါက မင်းထက် ထမင်းပိုစားနိုင်တယ်၊ ဒီတော့ မင်းက ထမင်းနည်းနည်းလေးစားပြီး ဘယ်လောက်ပြေးနိုင်မှာတဲ့လဲ” ဟုအတွေးပေါက်သွားပြီး ကျနော်သည် မရမက လိုက်ဖမ်းသည်။ အိမ်ကို သုံးလေးခေါက်လောက် ဘယ်ပြန်ညာပြန် ပတ်ပြေးလိုက်သည့် အခါမှာ ခွေးလေးက မောလာဟန်တူသည်။ ခွေးလေးက ဆက်မပြေးတော့ပဲ အဖမ်းလိုက်တော့သည်။ ဒါနဲ့ မပြီးသေးဘူး ကျနော်သည် သူ့ကို လက်တစ်ဖက်က ဖမ်းထားပြီး ကျန်လက်တစ်ဖက်က သူ့တစ်ကိုယ်လုံးနေရာစုံ လျှောက်ကလိထိုးလိုက်သည်။ ကြာလာတော့ ခွေးလေးက ဆော့ချင်စိတ် ပြေသွားသည်ဟုထင်သည် ဝေါက်ခနဲ အသံလေးထွက်ပြီး အတင်းရုံးထွက်သွားလိုက်သည်။ နောက်နေ့ နောက်နေ့တွေမှာတော့ ကျနော့်ကို လှမ်းမြင်သည်ဆိုလျှင်ပဲ ထွက်ပြေးဟန်ပြင်နေသည်။

တိုက်တိုက်ဆိုင်ဆိုင်ပဲ တစ်နေ့ သူငယ်ချင်းတစ်ယောက် အလည်ရောက်လာသည်၊ ပြီးတော့ သူက အစမရှိအဆုံးမရှိနဲ့ ဟေ့ကောင်ကြီး မင်းချစ်တော်လေး မတွေ့ရပါလား။ ဧကန္တ သူ့ကို ထမင်းမကျွေးနိုင်လို့ ထွက်ပြေးသွားတယ်ထင်တယ်။ ဟာ..မင်းကလဲ ဘယ်က ထမင်းမကျွေးနိုင်ရမှာလဲ၊ ဟိုတစ်နေ့က ငါအဆော့လွန်သွားလို့ ငါ့ကိုလန့်လန့်နေတာ ဒီနေ့အထိပဲ မေမေမရှိရင် သူအိမ်မှာ မနေရဲတော့ဘူး ဟိုအိုက်ယွမ်းတို့အိမ်ကိုပဲ သွားသွားနေနေတာ ခေါ်လဲမလာဘူး ဟုကျနော်ပြောလိုက်တော့ သူက မင့်နှယ် တော်တော့်ကို အဆော့သန်တဲ့ကောင်ပဲ ခွေးမပြောနဲ့ ငါတောင်မှ လန့်နေရတာဟု ပြောသည်။ ကျနော်က ဟေ့ဟေ့ ဟေ့ကောင် ငါက ဘာမို့လို့ မင်းက လန့်နေတာလဲဟု မေးတော့ သူက ဟ…လန့်တာပေါ့ တစ်ခါတစ်လေ မင်းက ဆော့တဲ့နေရာမှာ မျောက်ထက်ဆိုးတယ် ခြေလက်ဆော့ရုံမကဘူး ပါးစပ်ပါဆော့တယ်၊ မင်းမသိဘူးလား ဟိုတစ်နေ့ မင်းပါးစပ် ဆော့လိုက်လို့ ငါ့ကောင်မလေးတောင် ငါ့ကို အထင်လွဲသလိုလို ဖြစ်သွားတယ်။ ဟာ… ဟုတ်လား၊ အဲ့ဒီနေ့က ငါဘာပြောလိုက် လို့လဲ ဘယ်နေ့လဲကွဟု သိသိနှင့် ကျနော်ရစ်လိုက်သည်။ သူက ဟိုတစ်နေ့က မင်္ဂလာဆောင်ပွဲမှာလေကွာ ငါ့ကောင်မလေး ရှေ့မှာ မင်းက ဟေ့ကောင် မင်းမပြန်သေးဘူးလား မျှော်နေရော့မယ်နော်လို့ မင်းပြောလိုက်တာလေကွာ အဲ့ဒါ နစ်ကိုကတည်းက ငါ့ကိုသိပ်မယုံ စိတ်မချတဲ့ ငါ့ကောင်မလေးက သူနဲ့ဆိုလျှင် နင့်ရည်းစား ဘယ်နှစ်ယောက်ရှိလဲပေါ့၊ နင့်ကို ငါမယုံဘူး ဘာညာ ဘာညာပြောပြီး ငါ့ကိုအဆက်အသွယ်ဖြတ် ထားတာ ကံကောင်းလို့ ဒီနေ့ သူဈေးအပြန် လမ်းခွမှာဆုံပြီး သူ့ကိုမနည်း ယုံကြည်လာအောင် ပြောပြ ရှင်းပြ ရင်ဖွင့်ခဲ့ရတယ်။ မင်းအဆော့ နည်းနည်းလျှော့သင့်တယ်၊ ခြေဆော့ လက်ဆော့က သိပ်အရေးမကြီးဘူး ဒါပေမယ့် နင့်ပါးစပ်ကြီးဆော့နေတာကို လန့်လန့်နေရတာဟု ဆိုသည်။ ငါဆို မင်းကို သူငယ်ချင်းဖြစ်နေလို့သာ နို့မို့ဆိုရင် တွေ့တိုင်းတွေ့တိုင်း နှားအုံကြီးကို ဖျန်းခနဲ ဖျန်းခနဲ ရိုက်ပစ်ချင်တာတဲ့။ အောင်မလေး…လေး… တော်ပါပြီ ကျော်ပါပြီ ခြေလည်းမဆော့တော့ဘူး လက်လည်းမကလိတော့ဘူး၊ ပါးစပ်လည်း မဟရအောင် ပီကေကို လေးငါးလုံးလောက် တခါတည်းငုံထားမည်။ ဆိုလိုတာက အမြဲတမ်းဆိုးနွဲ့နေလျှင် မိဘတောင် စိတ်မရှည်နိုင်ဘူးလို့ ပြောချင်လို့ပါ။

အဲ့ဒါနဲ့ ကျနော်က ကိုယ်မှားခဲ့တာကို သိနေတော့ အဲ့ဒီကောင်ကို ဘာညာဆင်ခြေမပေးတော့ပဲ ဟ..ဟေ့ကောင် မင်းအတော်ကံကောင်းတယ် သိလားဟု ကျနော်စကားလွဲလိုက်သည်။ သူက ဘာလဲဟ မင်းဟာ အစမရှိအဆုံးမရှိ။ ကျနော်က မင်းမသိပါဘူး မင်းအတော့်ကို ကံကောင်းတယ် ငါ မနေ့က ၀ယ်ထားတဲ့ ဘီယာနှစ်လုံး ကျန်နေသေးတယ်ကွ၊ င့ါကုတင်အောင်မှာလေ လှမ်းယူလိုက်၊ အင်း… ပြောရအုန်းမယ် မင်းမို့လို့ ငါတိုက်တာဟု ကျနော်ပြောသည်။ သူက ဟာ… တော်တော်ကို ရှာရှည်တဲ့ကောင်ပဲ ငါ့မတိုက်ရင် မင်းဘယ်သူ့ကို တိုက်မှာတဲ့လဲ၊ အရေးထဲ ဆရာကြီး စတိုင်ဖမ်းနေသေးတယ်။

ကျနော်တို့နှစ်ယောက်သည် ဘီယာတစ်လုံးစီထိုင်သောက် တိုလီမိုလီပြောရင်း ကျနော်က စောစောက ထည့်ထားတဲ့ သီချင်းလေးတွေကို ဖွင့်လိုက်ပြီး… ဟူး… လွမ်းတယ်ကွာ ငါ့ကောင်ရာဟု ကျနော်ငြီးငြူလိုက်တော့ သူက အောင်မာ.. မင်းက ခံစားတတ်တဲ့ ရင်ဘတ်ရှိရဲ့လား တဲ့။ ကျနော်က ဒီမှာ ဟေ့ကောင် ငါ့မှာ ခံစားခွက်တွေ သိမ်းထားနိုင်တဲ့ ရင်ဘတ်အကြီးကြီးပဲ၊ အင်ဂျီချွတ်ပြရမလားဟု ပြောလိုက်သည်။ သူက ဟာ… နေနေ မချွတ်နဲ့ မချွတ်နဲ့ မင့်ရင်ဘတ်ကြီး မကြည့်ချင်ပါဘူး၊ ၀ဲချောက်ရာတွေကြီးနဲ့ တဲ့လေ။

အဲ့ဒါနဲ့ သူက ကျနော်ကို ဆက်မေးသည်၊ မင်းက အတော့်ကို လွမ်းတတ်နေပါလား သူငယ်ချင်းရ၊ မင်းမှာ ချစ်သူဘယ်နှစ်ယောက်ရှိလဲ၊ ငါ မင်းကို ကြည့်ကြည့်နေတာ တစ်ခါတစ်လေ မင်းက တကယ့်ကို ရင့်ကျက်တဲ့ ပုံစံနဲ့ပဲကွ၊ ဘယ်ကောင်မလေးကိုမှ ရည်းစားစကား လိုက်ပြောတာ မတွေ့မိသေးဘူး။ တစ်ခါတစ်လေ မင်းကို ငါအားကျမိတယ်ကွာ။ ဟ..ဟ.. ဟေ့ကောင် မြှောက်မနေနဲ့ တိုက်စရာ ဘီယာလည်းမရှိတော့ ဘူး၊ ရေအေးပဲကျန် တော့တယ်။ ဒီမှာ ငါ့ကောင် မင်း ငါ့ကို အားကျမနေနဲ့ဟေ့၊ ငါအဲဒီလိုနေနေတာ ငါ့ကို ဘယ်ကောင်မလေးမှ မကြိုက်လို့ သိပြီလား။ ဟို.တစ်နေ့ မနွမ်းယဉ်ကို ရည်းစားစကားလိုက်ပြောတာ ငါ ဘာသွားပြောမိ လိုက်လေတော့မသိဘူး ပါးနှစ်ခြမ်းစလုံး အရိုက်ခံလိုက်ရတယ်၊ ဖြန်းခနဲ ဖြန်းခနဲပဲ၊ စပ်လိုက်တာ ငါ့ကောင်ရာ။ ဖြစ်နိုင်ရင် အဖေ့ကို ပြောပြီး ရွာရွှေ့ချင်စိတ်တောင် ပေါ်ပေါ်လာတယ် ရှက်လွန်းလို့။ ဒီတော့ ဟိုကောင်က ဘာပြောလိုက်တယ်မှတ်လို့ “အေး အေး မင်းတို့အိမ်ရွှေ့ချင်ရွှေ့ ၊ ရွာကိုတော့ မရွှေ့ နဲ့ ဒီရွာမှာ ငါ့ကောင်မလေးရှိသေးတယ် တဲ့လေ”။ ။

ဤမျှသာ။ ။

လေးစားစွာဖြင့်
စိုင်းလင်းတိုင်း

© Copyright Reserved ထာဝရစကား | Design by: Yoshz | Converted into Blogger Templates by Theme Craft