အိုင်ဒုန့်နိုး

ကျွန်ုပ်၏ ဇာတိက မကြာခဏဆိုသလို မထင်မှတ်သည့်အချိန် မထင်မှတ်သော နေရာများ၌ ထထပေါ်လာတတ်သည်။ ဒီလိုခေတ်မီသည့် ခေတ်တစ်ခေတ်ဆီသို့ ရောက်လာနေပေမယ့်လည်း လူကခေတ်မမီသေး၊ သူများက ဒါ.. ဆိုလျှင် ကျွန်ုပ်လည်း အဲ့ဒါမှ အဲ့ဒါပါပဲ။ ဆိုလိုတာက မိမိနှင့်ခင်သည့် မိတ်ဆွေသူငယ်ချင်းတစ်ယောက်ယောက်က ဒီလိုလုပ်ရတယ်၊ ဒီလိုဖြစ်ရမည်၊ ဒီလိုပြော ဒီလိုနေရတယ်ဆိုလျှင် အဲ့ဒီနည်းအတိုင်းပဲ ကျင့်ကြံနေထိုင်ပြောဆိုတတ်တာကို ဆိုလိုပါသည်။
အဖြစ်ကဒီလိုပါ၊ အကျွန်ုပ် နိုင်ငံခြားစရောက်ခါစ သုံးပတ်လောက်မှာ အပြင်းပြေ မြို့ထဲလျှောက်လည်ချင်သည့် စိတ်ကပျင်းပြနေတော့ သူငယ်ချင်းတစ်ယောက်ကို သွားငြိခဲ့သည်၊ လမ်းစရိတ်ကုန်ကျခံမည် စသည်စသည်ပေါ့ဗျာ။ သူက ကေအေပ်စီကြွေးလျှင်လိုက်မည်ဟုပြောတော့ ကျွန်ုပ်ကောင်းကောင်း နားမလည်လိုက်ဘူး၊ ကျွန်ုပ်ကအမြင်ထဲမှာတော့ ကေအေပ်စီဆိုတာ ချိုခြင်လုံးလေးတွေဟု မြင်ပါသည်။ ဒါကြောင့် ကျွန်ုပ်က ခလေးဘ၀တုန်းက တို့မြန်မာပြည်မှာ ၀ါးခဲ့တာ မ၀ဘူးသေးလား ဘာလားပြောလိုက်တော့ သူကြောင်သွားသည်။ ဒီတော့ သူက ဘာကို ၀ါးတာ မ၀သေးတာလဲ ဘာတွေလျှောက်ပြောတာလဲ စသည်စသည်ပေါ့။ ကျွန်ုပ်က ချိုခြင်လုံးလေ ချိုချင်လုံး မင်းအမေ ၀ယ်မကြွေးလိုက်ဘူးလား မင်းငယ်ငယ်တုန်းကဟု ပြောလိုက်သည်။ သူက ဟေ့ကောင် မင်းဘာတွေ လျှောက်ပြော နေတာလဲဟ၊ ကေအေပ်စီဆိုတာ ဆိုင်အကြီးကြီးတွေမှာ သွားပြီး ၀ယ်စားရတဲ့ ကြက်ကြော်တွေနဲ့ ကြော်ထားတဲ့ ထမင်းကြော်ကွဟု ခပ်ငေါက်ငေါက် ပြောလိုက်တော့မှ အော်… ကေအေပ်စီဆိုတာ ကြက်ကြော်ထမင်းကိုး။ အဲ့ဒါနဲ့ ကျွန်ုပ်က ကေအေပ်စီဆိုတာ မြန်မာလို ကြက်ကြော်ထမင်းပေါ့နော်၊ အဲ့ဒါ အိင်္ဂလိပ်စကားလား ဂျပန်စကားလား ထိုင်းစကားတော့ မဟုတ်လောက်ဘူးနော် စသည်ဖြင့်ဟု ထပ်ပြီး လျှာရှည်လိုက်တော့ သူက ဟ မင်းတော်တော် ခေတ်နောက်ကျတာပဲ၊ မှတ်ထား ကေအေပ်စီဆိုတာ ဂျာမနီစကားကွဟု ခပ်တည်တည်ဖြင့်ပြောသည်၊ ဟုတ်လား မဟုတ်လားတော့ မသိဘူး ကိုယ်ကတစ်ကယ် မသိလေတော့ သူပြောသည့်အတိုင်း ဟုတ်လည်းယုံ မဟုတ်လည်း ယုံရတော့မှာပေါ့ဗျာ။
ကျွန်ုပ်တို့ စကားပြောနေသည့် အချိန်မှာ ဘယ်ကထွက်ပေါ်လာသည့် မြန်မာသီချင်းသံမှန်း မသိဘူး၊ သေချာနားထောင်လိုက်မှ သူ့အိပ်ကပ်ထဲက ဖုန်းသံဖြစ်နေသည်။ သူကဖုန်းကို ဆွဲထုတ်လိုက်ပြီး ဟလို… အင်း.. ပြော.. ဘာလဲ… ဟာ… မင်းကတော့ အလိမ်ခံရပြီ၊ အဲကွာ ဖြစ်မှဖြစ်ရလေ ကောင်ရာ… မှတ်ထား… နောက်တစ်ခါဆို စိတ်ကောင်းနည်းနည်းလျှော့ သိလား… ဟုတ်လား… ဒါဆို ငါလာခဲ့မယ် ခုပဲ.. အဲ့ဒီကစောင့်နေ ဘယ်မှမသွားနဲ့ မင်းခြေထောက် အဲ့မှာ မြဲမြဲရပ်ထား ဟုတ်ပြီလား.. အဲ.. ဒါပဲနော်… ဒေါက်…။ ကျွန်ုပ်သည် ဘာဖြစ်သွားလဲ ဘယ်သူလဲ အခြေနေ တော်တော်ဆိုး နေလောက်ပြီဟု နားထောင်ရင်း စိတ်ထဲမှန်းလိုက်သည်။ ကျွန်ုပ်က လူမို့လို့ပေပေါ့ တိရိစ္ဆာန်သာဆိုလျှင်တော့ နှားရွက်တစ်ဖျပ်ဖျပ် ဟိုလှည့်ဒီလှည့်နှင့် မြင်ယောင်နေမိပါရဲ့။
အဲ့ဒါနဲ့ ကျွန်ုပ်က ဟေ့ကောင် ဘာဖြစ်တာလဲ ဘယ်သူက ဘယ်လိုဖြစ်တာလဲ ဘယ်သူပျောက်နေလဲ အခြေနေအတော်ဆိုးလား စသည်ဖြင့်မေးတော့ သူက ဟိုကောင်ပေါ့ကွာ… မပြောချင်တော့ဘူးကွာ ငါသွားမှဖြစ်မယ်၊ ဒီတော့ မင်း ကေအေပ်စီ ကြွေးကြွေး မကြွေးကြွေး လိုက်တော့ဘူး၊ ဒါမှမဟုတ် နောက်နေ့မှ သွားရင်မကောင်းဘူးလား။ အင်း.. သွားချင်သပဆိုရင်တော့ သွားပေါ့ ငါတော့ လိုက်မပို့နိုင်တော့ဘူး၊ အဲ့…. မင်းကို ငါသတိပေးချင်တယ် ဘာလဲဆိုတော့… ၀ှါ… မင်းတစ်ယောက်တည်းသွားရင် ဘယ်သူက ဘယ်လိုမေးမေး မသိဘူး အိုင်ဒုန့်နိုးလို့ ဘူးသာခံပြောပေတော့ နို့မို့ဆိုရင် မင်းလည်း အလိမ်ခံရအုန်းမယ်ဟု ပြောသည်။
ဒီလိုနှင့် ကျွန်ုပ်သည် ကျွန်ုပ်၏ စိတ်ကိုတား၍မရ သွားပဲသွားချင် နေတော့ ကဲ မထူးဘူး သွားမည် လူပျောက်ကြော်ငြာ သီတင်းစာထဲတော့ မရောက်လောက်ပေဘူး ဆိုပြီး မြို့ထဲကို တစ်ယောက်တည်း လိမ့်ခဲ့သည်။ သူငယ်ချင်း ပြောထားသည့် အတိုင်းပါပဲ ဘယ်သူဘာပြောပြော ဘာမေးမေး အိုင်ဒုန့်နိုး ဟုပြန်ဖြေလိုက်တာပဲ၊ အဲ့ဒီလို သူများကို ပြန်ဖြေခဲ့ရသည့် အခေါက်ပေါင်း မနည်းဘူး၊ အပြုံးနှင့် ပြုံပြလာသူတွေကိုလည်း အိုင်ဒုန့်နိုးနှင့်ပဲ တုန့်ပြန်ခဲ့သည်။ ဒီလိုနှင့် 11 နာရီခွဲလောက်မှာ ဆိုင်ခပ်ကြီးကြီး တစ်ဆိုင်ရှေ့ရောက်တော့ အမောပြေ အအေးတစ်ခွက်လောက် ၀င်မော့အုန်းမှပဲ ဆိုပြီး ဆိုင်ထဲဝင်ပြီး ခုံတစ်ခုံမှာ ၀င်ထိုင်လိုက်သည်။ အဲ့ဒီချိန် waiter မလေးတစ်ယောက် ရောက်လာပြီး Good morning! How can I help …..? တဲ့၊ အဖြေကတော့ အိုင်ဒုန့်နိုးပဲခင်ဗျား။
ကျွန်ုပ်သည် ဆယ်တစ်နာရီ သုံးဆယ့်ငါးမိနစ်မှ စထိုင်သည်၊ ၁၂နာရီထိုးတော့လည်း စားပွဲထိုး တစ်ယောက်တစ်လေမှ တစ်ခုခုလာရောက်မချပေး၊ အဲ့ဒါနဲ့ ကျွန်ုပ်သည် စိတ်တိုတိုနှင့် မသောက်ရရင် လည်းနေ ဆိုပြီးဆိုင်ပြင် ထွက်ချလာခဲ့သည်။ ကျွန်ုပ်သည် ပိုက်ဟာလာ ဟင်းလင်းကြီးနှင့်မို့ ပြန်မည်ဟု စိတ်ကူးလိုက်ပြီး ကားငှါးပြန်ချလာခဲ့သည်။ အဲ့ဒီနေ့ ဖျော်ရည်မပြောနှင့် ထမင်းတောင်ငတ်သည်။ အရင်နေ့က ၀ယ်ထားတဲ့ မုန့်လေးရှိနေသေး၍ တော်သေးသည်ဟု ကိုယ့်ကိုပြောရင်း ဖြေသိမ့် ကျေနပ်ပြီး နောက်တစ်ခါ ဆိုလျှင်တော့ ဒီ အိုင်ဒုန့်နိုး နဲ့သွားလို့ မရနိုင်တော့မှန်း သိလိုက်ရပါတော့သည်။ ။


လေးစားချစ်ခင် ခင်မင်ရင်းနှီးမှုများဖြင့်
-

“ဆုံခွင့်မဲ့ခဲ့ရင်”


ချစ်တယ်ကွယ်တစ်ယောက်တည်း
မောင့်ရင်ထဲအမြဲရှိ
သိစေချင်မြင်စမ်းပ
မကိုမှ မကိုပဲ
ရည်ရွယ်ဆဲလက်တွဲဖေါ်
မျှော်နေဆဲဆုံမည့်နေ့
ဆုံခွင့်မဲ့ခဲ့ရင်တောင်
စိတ်ပျော်အောင်နားကိုပိတ်
မျက်စိမှိတ်အံကျိတ်ရင်း
အားတင်း၍ကျေနပ်မယ်
အော်… ငါ့မှာချစ်သူတစ်ယောက် ရှိခဲ့ဖူးပါလားလို့ ။ ။


တင်စရာစာမရှိသေး၍ရေးမိရေးရာကိုကောက်တင်လိုက်ပါသည်။

More Than A Friend

-

ကြွက်သာဖြစ်လိုက်ပေတော့

စိုင်းလင်းတိုင်း Wednesday, May 5, 2010 12:54 PM | 2 အားပေးစကား

ကျွန်ုပ်သည် နှစ်နှစ်တစ်ခေါက် မွေးရပ်ဌာနေ ရွာသို့ပြန်လှည့်ရှိသည်။ မြို့မှာအနေကြာတော့ မြို့အကျင့်သည် ဘယ်ရောက်ရောက် လက္ဘက်ရည်ဆိုင် ထိုင်သည့်အကျင့်တစ်ခုက ဖျောက်မရ မွေးရာပါအကျင့်တစ်ခုကဲ့သို့ စွဲလမ်းနေသည်။ ဒီတော့ ရွာလည်းရောက်ရော မနက်မိုးလင်းရုံသာရှိသေး လက္ဘက်ရည်ဆိုင်သွားဖို့ ခြေလှမ်းပြင်နေသည်။
အဲ့ဒီအချိန် အစ်မကြီးက အိပ်ရာမှထလာသည်။ သူမသည် အပြင်ထွက်ရန် ဟန်ပြင်နေသည့် ကျွန်ုပ်ကိုမြင်သွားပြီး “ဟဲ… အဲ့ဒါ ဘယ်သွားမလို့လဲ”ဟု မေးသည်။ ကျွန်ုပ်က “လက္ဘက်ဆိုင်သွားမည်”ဟု ပြောတော့ “ဟဲ… အရူး ဘယ်ကလက္ဘက်ဆိုင် သွားထိုင်မှာလဲ၊ မြို့များမှတ်နေလို့လား၊ ဒါကရွာဟဲ၊ ဒီချိန် သရဲ လကဘ္ဘက်ရည်ဆိုင်ပဲရှိမယ်၊ နေပါအုန်း နင်က ဘယ်လက္ဘက်ဆိုင် သွားထိုင်မှာလဲ မနက်အစောကြီးကို”။ ကျွန်ုပ်က “အေးငွေတို့ဆိုင်”ဟု ခပ်တုတ်တုတ်ပြန်ဖြေသည်။

ဆက်လက်ဖတ်ရှုရန်


သူမက “အမေလေး လင်းတိုင်းရေ အေးငွေက သေသွားပြီ၊ မနက်စောစောကြီးကြီး မင်္ဂလာမရှိလိုက်တာ၊ အေး… နင်သွားချင်သပ ဆိုရင်တော့ မတားဘူးဟေ့ သွားသွား သူတို့ဆိုင်ရှေ့မှာ ဆံပင်ကြီး ဖားရားဖားရားနဲ့ နင့်ကိုစောင့်နေလိမ့်မယ်” ဟုပြောလိုက်တော့ အောင်မေလေးလေး ကျွန်ုပ်ဖြင့် ကျက်သီးမွေးညင်း ထသွားသည်၊ စောစောက ကျွန်ုပ်၏ အပြင်သွားထွက်ရန် အကြံနှင့် ဖွင့်ထားသည့်တံခါးကို အလျင်အမြန် ပြေးပိတ်လိုက်သည်။
အစ်မက “ဟေ့..ဟေ့.. အဲဒါ ဘာလုပ်တာလဲ ငါမျက်နှာသွားသစ်မလို့ ပြန်ဖွင့်လိုက်စမ်း” ဒီတော့ ကျွန်ုပ်က “ဟာ မမကလဲ ကိုယ့်ဘာသာကို သွားဖွင့်ပါလားဗျာ” ဟြုေ့ပာရင်း မီးလှမ်းဖွင့်လိုက်တာ အဲဒါမှ ပိုဆိုးရော၊ မမကြီးကို စိတ်တိုအောင် ဆွမိသကဲ့သို့ဖြစ်သွားသည်။ ဒီတော့ သူမက “မီးကို နင်ဘာလို့ ဖွင့်တာလဲ၊ မိုးလင်းနေပြီ”ဟုပြောတော့ ကျွန်ုပ်က “အဟီး… ကြောက်လို့”ဟု ပြောလိုက်ရသည်။ သူမက “ဘာကြောက်တာလဲ” ဟုမေးတော့ ကျွန်ုပ်က “သရဲ”ဟုဖြေသည်။
မမက “ဘယ်မှာလဲ၊ နင်ရှေ့မှာ ငါပဲရှိတယ်၊ ငါ့ကို သရဲလို့ပြောတာလား”၊ ကျွန်ုပ်ယောင်သွားပြီး “ဟုတ်”ဆိုပြီးဖြေလိုက်တော့ မမသည် လက်သီးလက်မောင်း တဆုပ်ဆုပ်နှင့် “တယ် ငါလုပ်လိုက်ရ“ ကျွန်ုပ်က “အဲ.. ဟုတ်ဖူး ဟို ဟို ကောင်မသရဲ လာမှာစိုးလို့”ဟု ပြန်ဖြေလိုက်မှ သူမဒေါသကြီး နည်းနည်းလျှော့သွားသည်။ အမေလေး ကျနော့် မမဒေါသကြီးပုံသည် လှောင်ထားသည့် ခွေးနှင့်တူလွန်းနေသည် တဟီးဟီး တအင်အင်နှင့် ကြိုးများလွတ်လိုက် တကယ်ကိုက်မည့်ပုံ အဲ မဟုတ်ဘူးခင်ဗျား ချက်ကောင်းကွက်တိ ပြန်မဖြေနိုင်လျှင် တကယ်ဆော်လိမ့်မည်။ သူမသည် တံခါးဖွင့်ပြီး ဆင်းသွားသည်။
ကျွန်ုပ်မှာ “ဟူး”ဆိုပြီး သက်ပြင်းကို ချလိုက်ရတော့သည်။ အဲအချိန် မေမေက နိုးလာပြီး “ဟေ့ နင်တို့မောင်နှမ ဘာဖြစ်နေတာလဲ ဆူညံ နေလိုက်တာ အိပ်နေတဲ့လူကိုမှ အားမနာဘူး ဟွန့်”ဟု ညီးတွားလိုက်တော့ မမကြီးက “ဒီအကောင်ပေါ့ သမီးကို သရဲလို့ပြောတယ်၊ ပြီးတော့ ကျမကို ထိုးလားကျိတ်လား လုပ်နေတာ”တဲ့။ အမေလေး လူကို ချောက်ကမ်းပါးအောက် စောက်ထိုးကျွမ်းသွားအောင် ကန်ချနေသလားတော့မသိ။
မေမေက “ဟေ့ သား ကိုယ့်အစ်မကို ဘာဖြစ်လို့ ဒီလိုပြောရတာလဲ” ဒီတော့ ကျွန်ုပ်သည် မေ့မေ့ကို “မေမေ မယုံနဲ့နော် မေမေမတွေ့လိုက်လို့ ခုနားက သားကို သူက လက်သီးလက်မောင်းနှင့် ကျိန်းနေတာ အိမ်က ကြက်မကြီးအတိုင်း သူနိုင်ရာကို လိုက်တုတ်နေတာ” ဟုပြောလိုက်တော့ အစ်မကြီးက မျက်နှာသစ် မပြီးသေးသည့် ရေခွက်ကြီး တန်းလန်းတန်းလန်းနှင့် တက်လာပြီး “နင် နင်… နင် ငါ့ကို ကြက်မလို့ပြောတယ်၊ နင်ကတော့ ကြက်လောက်ကို တန်ဖိုးမရှိဘူးဟေ့၊ အကောင်နော် သတ်ပြီး ဟိုကောင်မဆီ ပို့ပစ်လိုက်မယ်”တဲ့၊ အားပါး ရစရာကိုမရှိတော့ဘူး ကြက်လောက်မှ တန်ဖိုးမရှိ လျှင်တော့ ကြွက်သာဖြစ်လိုက်ပေတော့ခင်ဗျား။

ဤမျှသာ
လေးစားခင်မင်ချစ်ခင်မှုများဖြင့်

© Copyright Reserved ထာဝရစကား | Design by: Yoshz | Converted into Blogger Templates by Theme Craft