သီချင်းလက်ဆောင်

သီချင်းလက်ဆောင်

ဆရာဝန်မ၏ လိပ်စာအညွှန်း


တစ်နေ့ အကျွန်ုပ်သည် အကျွန်ုပ်တို့ လိမ်မော်ခြံထဲသို့ဝင်ပြီး လေ့လည်ကြည့်ရင်း စိတ်မကောင်းစွာနှင့် စိတ်မောကိုယ်မော တဲလေးဆီသို့ ပြန်လာခဲ့ပြီး ၀ါးလုံးနဲ့ရစ်လုပ်ထားသည့် ထိုင်ခုံရှည်ပေါ် ခပ်ပြင်းပြင်းထိုင်ချလိုက်သည်။ အား…. အောင်မလေးဗျဟု ငယ်သံပါအောင်ကို အော်မိသွားခဲ့သည်။ စောစောတုန်းက ဆေးဘက်ဝင်သည့် အဆူးပါ အပင်လေးသုံးလေးပင်ကို နုတ်ယူခဲ့ပြီး အဲ့ဒီထိုင်ခုံထဲ ခဏချထားခဲ့တာကို သတိမထား ခပ်ပြင်းပြင်း စိတ်ပျက်လက်ပျက်နဲ့ ထိုင်ချလိုက်ခြင်းဖြစ်သည်။ ကျွနုပ်သည် ခုန်ဆွခုန်ဆွဖြစ်သွားခဲ့သည် နာလိုက်တာ မပြောနဲ့ အော်လိုက်သည့် အသံက ငှက်တွေတောင် လန့်ဖျန့်သွားသည်။ တော်သေးတာပေါ့ ထိုင်ခုံက နေဒဏ်မိုးဒဏ်ကြောင့် ဆွေးနေလို့ခင်ဗျား၊ နို့မို့ဆိုရင် တင်ပါးတစ်ခုလုံး ပေါက်ပြဲသွားလောက်ပေသည်။

မကြာပါဘူး လူကြီးတစ်ယောက် ခြံထဲသို့ ပြေးဝင်လာသည်။ ကျွန်ုပ်၏ ဦးလေး၊ အသက်လေးဆယ့်ငါးနှစ်။ သူက ဟေ့… အိုက်လင်း ဘာဖြစ်တာလဲ၊ စောစောက အော်သံကြားရသလိုပဲ ဘယ်သူလဲ၊ မင်းအော်တာလား.. မင်းဘာဖြစ်လို့လဲ၊ ကျားဆွဲခံရတယ်ထင်လို့ အမောတကောပြေးလာတာတဲ့။ ဟာ… ဘယ်ကလာ ကျားကိုက် ကျားဆွဲရမှာလဲ ဦးကြီးတော်ကလည်း၊ ဒီမှာ တွေ့ဘူးလား ဒီဆူးပင်ပေါ် ထိုင်မိလို့ နာလို့ ဘယ်သူမှ မကြားနိုင် လောက်ဘူးဆိုပြီး အော်လိုက်တာ။ ဖွဖွ.. ဖွဟိုက်… ကျား ဆင် မြွေ မျောက် သရဲခြောက် ပျောက်စေ ကင်းစေ ဝေးဝေးသွားဟ ဆိုပြီး ဂါထာတစ်ပုဒ် ထုတ်လိုက်ရခဲ့သည်။ ဦးလေးက အော်…ဒါလေးများ မင်းက သေမလောက်အောင်ကို အော်နေတာ အံ့ရောကွာ၊ ငါ ငယ်ငယ်တုန်းကဆိုရင် မီးခဲပေါ် ချော်လဲခဲ့တာ တစ်ချက်တစ်လေမှ မင်းလောက်မအော်ခဲ့ဘူး ငါငိုရုံပဲငိုတာတဲ့လေ။

ဒီလိုနဲ့ ကျွန်ုပ်က ကဲ့.. လာဗျာ ထိုင်ပါအုန်းခင်ဗျား၊ ခင်ဗျား ငါးဖမ်းသွားစရာမရှိရင် ရေနွေးကြမ်းသောက်ရအောင် ဆိုပြီးဖိတ်ခေါ်လိုက်တော့ သူက ဟ ဟေ့ကောင် ဘယ်လိုပြောလိုက်တာလဲကွ ငါ့လို ဒီအသက်အရွယ်က ငါးဖမ်းသွားရမှာလား မင်းနှယ်ဟု ရှက်ကိုရှက်ကန်းဖြင့် ပြန်ငေါက်သည်။ ကျွန်ုပ်က အလိုက်သိသိနှင့်ပဲ အေးလေ မဖမ်းဘူးဆို မဖမ်းဘူးပေါ့… ကျနော်က ခင်ဗျားငါးဖမ်းသေးတယ်ထင်လို့ဟု ပြောလိုက်တော့ သူက မဖမ်းဘူးမဖမ်းဘူးဟေ့ ညတိုင်းပုတီးစိတ်တယ် ဖမ်းမယ်ဖမ်းငြား နောက်ထပ်မယားတစ်ယောက်ပဲ သွားဖမ်းမှာတဲ့လေ… ကျွန်ုပ်က အင်းအင်း.. ရလာရင်တစ်ယောက်တစ်ဝက်ပေါ့နော်။ ဦးလေးက ဟေ့ကောင် ပေါက်တတ်ကရတွေ မပြောနဲ့ တောကြီးတောင်ကြီးထဲ၊ မယားက ငါးမဟုတ်ဘူးကွ တစ်ယောက်တစ်ဝက်မဖြစ်နိုင်ဘူး မင်းတော်တော့ကွာ ရေနွေးကြမ်းသောက်မယ်။ ရုတ်တရက် သူက ရော့ဟေ့ကောင် ဆိုပြီးလှမ်း ပေးလိုက်တာ ကြည့်လိုက်တော့ ဆေးပြင်းလိပ် ဖက်ကြမ်းကြီးဖြစ်နေသည်၊ ဟာ.. တော်ပြီ တော်ပြီ သောက်တော့ဘူး အဲ့ဒီ ဖက်ကြမ်းကြီးနဲ့ စွဲသွားရင် ဒီတစ်သက်လုံး မိန်းမရနိုင်တော့မှာ ဟုတ်တော့ဘူး ဦးလေးပဲသောက်လိုက်တော့ဟု ကျွန်ုပ်ပြောသည်။ ဟုတ်ပါသည် စီးကရက်ဆိုရင်တော့ နည်းနည်း စတန့်ထွန်လို့ရသေး ဒီဖတ်ကြမ်းကြီးကတော့ ဘယ်လိုမှ စတန့်ထွန်လို့မရနိုင်ဘူးခင်ဗျား။

ဒီလိုနဲ့ ကျွန်ုပ်တို့ အလ္လာပသလ္လာပ ပြောကြရင်း ဦးလေးကစပြီး မေးခွန်းထုတ်သည်။ သူက နေပါအုန်း မင်းကဘာဖြစ်လို့ စိတ်ပျက်နေရတာလဲ၊ ဒါက မင်းတို့လိမ်မော်ခြံပဲ မင်းဂရုမစိုက်လို့ဖြစ်မှာပေါ့။ ကျွန်ုပ်က ဟုတ်ဘူး ဦးလေးရဲ့… ကျနော်လောက် ဂရုစိုက်တာဘယ်သူမှ မရှိနိုင်ဘူးထင်တယ်၊ ဒီကြားထဲ လိမ်မော်တွေက အပင်ရော အသီးပါ ထွားကိုမလာဘူး၊ ပျော့တိပျော့ရဲ သေးသေးလေးရယ် မြင်လိုက်ရင် အားရစရာကိုမရှိဘူး၊ ရောင်းစားပစ်လိုက်ရရင် ကောင်မလားလို့ တစ်ခါတစ်လေ တွေးမိတယ်ဗျာ။ ဟာ.. ဟေ့ကောင်.. ငါ့တူ အဲ့ဒီလိုမလုပ်နဲ့ မင်းကို ငါ အကြံတစ်ခုပေးလိုက်မယ်၊ အဲဒါ… မင်း ဒီလိမ်မောပင်တွေကို ဆေးထိုးရမယ်၊ ဆေးထိုးမှ ထွားမှာ၊ မင်း မတွေ့ဖူးဘူးလားကွာ.. ဟို လူတော်တော်များများ စီးပွားရေးလုပ်စားတဲ့သူတွေလေ.. သူတို့က အဲ့ဒီလိုလုပ်ကြတာတဲ့။ ဒီမှာငါ့တူ မှတ်ထားကွ ခုခေတ်က သိပ်ပံခေတ်ကွ၊ တိုးတက်တဲ့ခေတ် တိုးတက်တဲ့ခေတ်နော် မသေမချင်းမှတ်ထား၊ အရာတော်တော်များများမှာ သိပ်ပံပညာနဲ့ ပြီးတယ်၊ နည်းနည်းပါးပါး လေ့လာမှတ်သားအုန်းမှပေါ့။ အောင်မလေး… မိုးကြိုးပစ်တော့မှာပဲ သစ်ပင်ကိုဆေးထိုးရမယ်တဲ့လား၊ ဟုတ်မှပြောပါ ဦးလေးရာ ဒါက တောကြီးတောင်ကြီးထဲနော် ရွာထဲမဟုတ်ဘူးဟု ကျွန်ုပ်ပြောတော့ သူက ဟေ့ကောင် ဒါနောက်နေတာ မဟုတ်ဘူး တကယ်ပြောတာ၊ မင်း ငါပြောသည့်အတိုင်း စမ်းလုပ်ကြည့်၊ လိမ်မော်သူဌေးကြီးဖြစ်လာလိမ့်မယ်တဲ့။

အိမ်ပြန်ရောက်တော့ ကျွန်ုပ်တွေးလိုက်သည်… အင်း.. အဲ့ဒါ တကယ်ဆိုရင်… ပွတာပဲ၊ ပြီးတော့ တဆက်တည်း တကိုယ်တည်း နယ်ချဲ့တွေးမိလိုက်သည်၊ အင်… အဆင်မပြေသည့် အရာရာတိုင်းကို ဆေးထိုးလိုက်ရင် ကောင်းမယ်ထင်တယ်ဟု တွေးလိုက်သည်။ တွေးရုံနဲ့ မဖြစ်သေးဘူး အကောင်အထည် ဖေါ်မှဖြစ်မယ်၊ ဒီလိုဆိုရင် လောလောဆယ် အဆင်မပြေသေး ကိုယ့်ကိုကိုယ် ဆေးသွားထိုးမှဖြစ်မယ်ဆိုပြီး ဒေါက်တာယမ်းကု ရွာဆရာဝန်မဆီသို့ရောက်ခဲ့သည်။ ဟိုရောက်တော့ ဆေးခန်းထဲမှာ အမျိုးသမီးသုံးယောက် အသက်ခပ်ကြီးကြီး ယောက်ျားတစ်ယောက်တို့ ရောက်နှင့်နေသည်၊ ဒီတော့ ကျွန်ုပ်က နောက်ဆုံးမှ ဆေးကုသခံယူရမည်၊ သိပ်မကြာလိုက်ပါ ဆရာဝန်မက ဟေ့ကောင်လေး လမ်းလျှောက်နိုင်လား၊ လျှောက်နိုင်ရင် ၀င်လာခဲ့တဲ့… အမလေး ဆရာမ ခေါ်သံကြီးကို ကျွန်ုပ်ကို ခြေကျိုးလက်ကျိုး ပုံစံကြီးနှင့် လှမ်းခေါ်ပြောလိုက်သည်။ ကျွန်ုပ်က ဟုတ်ကဲ့ဆရာမ သိပ်အမြင့်ကြီး မဟုတ်တဲ့တောင်ဆိုရင် တက်နိုင်ပါသေးတယ်ခင်ဗျားဟု ပြောရင်းဆိုရင်း ၀င်သွားလိုက်သည်။ ရောက်လျှင်ရောက်ချင်းပဲ ဆရာမက မေးသည်၊ ဘာဖြစ်တာလဲ၊ ဖျားတာလား အပူရှက်တာလား၊ ထိခိုက်ဒဏ်ရာရလို့လားပေါ့နော်။ ကျွန်ုပ်က ဟုတ်ကဲ့ဆရာမ ကျနော်.. ဖျားတယ်လို့လည်းဟုတ်ဘူး၊ ထိုခိုက်ဒဏ်ရာတစ်ခုရှိလို့ ဆေးလာထိုးတာ ဆရာမဟု ပြောတော့ သူမက ပြစမ်းငါ့ကို ဘယ်နေရာလဲ၊ ဓါးဒဏ်ရာလား ပေါက်ဆိန်ဒဏ်ရာလား။ ပြစမ်း ပြစမ်းဆိုပြီး အတင်းဒဏ်ရာ ပြခိုင်းနေလေတော့သည်။ ကျွန်ုပ်က ရှက်ကိုးရှက်ကန်းဖြင့် ဟာ… ဆရာမကလည်း ဘယ်လိုလုပ်ပြမှာလဲ၊ အဲ့ဒဏ်ရာက ခန်ဓါကိုယ်ထဲမှာဗျ။ သူမက ဟေ့ကောင်လေး မင်း ငါ့ကို တမင်သက်သက် လာနောက်နေတာလားဟု ခပ်ထန်ထန်ပြောလိုက်တော့ ကျွန်ုပ်သည် အားနာသွားပြီး ဒီလိုပါ ဆရာမ မနေ့တုန်းက ကျနော့်ဦးလေး ကျနော့်ကို အကြံတစ်ခုပေးသွားတယ်၊ ခုခေတ်မှာ လူမပြောနဲ့ သစ်ပင်တောင်မှ ဆေးထိုးရင် ထွားလာတယ် နုပျိုလာတယ်တဲ့… အဲ့ဒါ.. ကျနော်ကလည်း ကောင်မလေးနဲ့ အဆင်မပြေဖြစ်ပြီး အသည်းကွဲနေတာ… ဆေးထိုးလိုက်ရင် ပျောက်သွားမယ်ထင်လို့ လာတာ၊ အဲ့ဒါ ပျောက်အောင် ဆရာမ ဆေးထိုးပေးနိုင်မယ် မဟုတ်လာခင်ဗျားဟု အသနားခံ မျက်နှာကြီးနဲ့ ပြောလိုက်တော့ သူမက အင်း… မင်းလိုကောင်လေးမျိုးနဲ့တော့ ခက်တော့တာပဲ၊ ကဲ့ကဲ့.. ငါကတော့ နင့်ကိုကုပေးဖို့ ဆေးမစုံဘူး၊ လိပ်စာရေးပေးလိုက်မယ် အဲ့ဒီကိုသွား… ကျွန်ုပ်က ဘယ်ကိုသွားရမှာလဲ ဆရာမ မြို့ကိုလား၊ ဟိုဖက်ရွာက ဆရာဝန်ဆီကိုလားဟု မေးတော့ ဆေးဆရာမက ပြောလိုက်သည်မှာ…. ´´အရူးထောင်´´ဟု တစ်ခွန်းတည်း ပြောချလိုက်လေ တော့သည်ခင်ဗျား။

မှာချင်ပါသည်။ ။
စာလုံးမှားလျှင် ကိုယ့်ဘာသာကို ပြင်ပြီးဖတ်သွားပါ၊ သို့မဟုတ် အဆီငေါ်မတည့်သည့် စကားဆက်တွေကို ခန်ဓါကိုယ်ကို စောင်း၍စောင်း၍ ဖတ်သွားလိုက်ပါခင်ဗျား။ ကျနော်က မြန်မာစာပေမှာ ကြွမ်းကျင်မှုမရှိပါဘူး၊ ခုထိ ညားနဲ့ ငြား စာလုံး၂ခုကိုတောင် မကွဲသေးဘူးခင်ဗျား။း)
အထူးသဖြင့် ခန်ဓါကိုယ်စောင်း၍စောင်း၍ ဖတ်ရမည့်သူများမှာ ကျနော့်၏ ဟာသစာပေကို အမြဲအားပေးနေကြသည့် ကျနော့်၏ ချစ်သူငယ်ချင်းများ ဖြစ်သည့် မမကြီး အမအင်ကြင်းသန့်နဲ့ ညီမလေးမြတ်မွန်တို့ နှစ်ယောက်ဖြစ်ဖို့များမည်။ သို့ပေမယ့် အမှတ်မထင် လမ်းကြုံ၍ ခလုတ်တိုက်ပြီး ၀င်ရောက်လာလည်ကြသည့် မိတ်ဆွေများကိုလည်း အဲ့ဒီလိုပဲ ဖတ်သွားကြပါလို့ မှာချင်သည်။



ချစ်ခင် ခင်မင် လေးစားစွာဖြင့်

Your Desire



မခေါ်ပဲနဲ့ ရင်ထဲရောက်လာခဲ့သော မိန်းမချောရယ်.... ရင်ခွင်မှာ ခဏသာ နားခိုပြီး မင်းပြန်သွားခဲ့ပြီနော်.... တကယ်ဆို ငါဟာ မင်းလေးကို တကယ်မြတ်နိုးခဲ့တာပါ... အခုတော့ မင်း... ငါမောင်းမထုတ်ပဲ ငါ့ကို ကျောခိုင်းထွက်သွားခဲ့ပြီ..... သေကွဲ ကွဲတာဖြေသာနိုင်ပေမယ့် ရှင်ကွဲ ကွဲရတာ ရင်မှာ ပြောမပြ နိုင်လောက်အောင်ကို ခံစားရတယ်..... တစ်ခဏသာ ချစ်ချင်ခင်မင်ခွင့်ပေးပြီး တိတ်တစ်ဆိတ် ထွက်ပြေးသွားတဲ့မင်း... မင်းက အနိုင် ငါကအရှုံး.... မင်းအလိုကျ အချစ်ဖက်မှာ ငါဟာ အရာရာအားလုံး ကျဆုံးခဲ့ပြီ.... ရင်မှာ အချစ်ဝေဒနာ အစုလိုက် အပုံလိုက် ထားခဲ့တဲ့မင်း... မင်း.... မင်းဆိုတဲ့ မိန်းမချောလေးတစ်ယောက်.....
© Copyright Reserved ထာဝရစကား | Design by: Yoshz | Converted into Blogger Templates by Theme Craft