အီကွာပဲ


ပို့စ်အသစ်လေး တင်နိုင်ဖို့အတွက် ရေးစရာ ရှာလို့ သိပ်မတွေ့လေတော့ အတွေးလွန်သမား တစ်ဖြစ်လည်း ကျွန်ုပ်သည် တွေးမိတွေးရာ ဟိုလွန်ခဲ့တဲ့ သုံးနှစ်နီးပါးလောက်က ဟာသဆန်ဆန် မအူမလည် ဇာတ်လမ်းဟောင်းလေးတစ်ခုကို ပြန်ပြောင်းမြင်ယောင် သူငယ်ချင်းများ ပျော်ရွှင်ရအောင် ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဒီလိုကောက်ကာငင်ကာ ချရေးလိုက် သည်မှာ..

ကျွန်ုပ်မှာ အချစ်ဆုံးသူငယ်ချင်း တစ်ယောက်ရှိခဲ့ဖူးသည်၊ အိမ်နီးနားချင်း ဆိုရင်လည်းရသည်၊ အိင်္ဂလိပ်စကား ထည့်ပြောရလျှင် ``နီးပါးဟုတ်`` ဆိုလားဘာဆိုလား။ သူတို့က ကျွန်ုပ်တို့ထက် သာချမ်းသည် အဲလေ.. ချမ်းသာသည်။ ကဲ့.. နီးပါးဟုတ်ဟုတ် မဟုတ်ဟုတ် ထားပါတော့လေ တကယ်လည်း အိမ်ချင်းကပ်နေတာကိုး။

အဲ့ဒီတုန်းက အိပ်လိပ်စကားဆိုလို့ ``အိုးကယ်`` တစ်လုံးပဲ ကျွနုပ်ပြောတတ်သည်။ ခုတော့ အတော်ပြောနိုင် တယ်လို့ဆိုရမည်။ ဘာပြုလို့လဲ ဆိုတော့ ကျွန်ုပ်က အမေးအမြန်း သိပ်ထူသည်၊ အပြောသန်သည်။ ဟိုတစ်နေ့က မြန်မာစကားလုံးမှာ ပေါက်ပေါက်ရှာရှာနဲ့ ရှာရှာပေါက်ပေါက် ဘယ်လိုကွဲတာလဲလို့ သူငယ်ချင်းတစ်ယောက်ကို မေးလေတော့ သူက ``ဟာ ငါ့နှယ်… ပေါက်ပေါက်ရှာရှာပဲဖြစ်ဖြစ်၊ ရှာရှာပေါက်ပေါက်ပဲ ဖြစ်ဖြစ်၊ ရှာပေါက်ရှာပဲ ဖြစ်ဖြစ် ဟိုမှာတွေ့လား ပေါက်တူးထမ်းလာတဲ့လူကိုတွေ့လား`` အင်း.. တွေ့တယ် ဘာဖြစ်လို့လဲ လို့မေးတော့ သူက ``အေး.. အဲ့ဒါ ရှာရှာပေါက်ပေါက်ပဲကွာ့`` ဟူ၍ပြောချလိုက်လေတော့သည်။ အတည့်ဆုံးနဲ့ အရှင်းဆုံး အဖြေမှန်ပါပဲ။ သူငယ်ချင်း အတော်များများ ကျွနုပ်နှင့် သိပ်စကားမပြောချင်ဘူး၊ လမ်းဆုံလျှင်တောင်မှ နောက်ပြန်လှည့် သွားတတ်ကြသည်။ သူတို့က ကျွနုပ်နှင့် စကားပြောရတာ အဆင်မပြေဘူး၊ နားသိပ်မလည်ဘူး၊ အမေး အမြန်းလည်း အလွန်ထူတယ်လို့ ပြောကြသည်။ ဒါပေမယ့် ကျွနုပ်၏ အချစ်ဆုံးသူငယ်ချင်းကတော့ နားရည်ဝပြီးသား ထူပြီးသားဖြစ်နေ၍ ကျွန်ုပ်နှင့်ပေါင်းနိုင်သည်။

နံနက်ခင်းနေ့တစ်နေ့မှာပေါ့ ကျွနုပ်တို့နှစ်ယောက် လ္ဘက်ရည်သောက်ရန် အတူတူသွားကြသည်၊ ဆိုင်ထဲရောက်တော့ ကျနော်က ``ဟ.. ဒီနေ့တော့ ကျဟန်တာပဲ ရှင်းလိုက်တာလူ``ဟု ပြောလိုက်ပြီး ထိုင်ခုံပုလေးတစ်လုံး ဆွဲထိုင်လိုက်ပြီး စားပွဲကောင်လေးတစ်ယောက်ကို လှမ်းမှာ လိုက်သည်။ ``ဟိုဟေ့ ညီလေး ဆိမ့်ချိုတစ်ခွက်နဲ့ ပလာတာဥကြက်``။ စားပွဲထိုးကောင်လေးက ``ဗျာ``ဆိုပြီး နားမလည်ဟန်ဖြင့် ပြန်မေးတော့ ကျွနုပ်သူငယ်ချင်း ``ဒီကောင်က ပန်းစကားပြောနေကြ၊ ဂရုနာနည်းတဲ့ ရဲနဲ့တွေ့ရင်တော့ ပါးအထပ်လိုက် အထပ်လိုက် ရိုက်ခံရမှာသေချာတယ်၊ ကဲကဲ့… ချိုဆိမ့်နှစ်ခွက်နဲ့ ကြက်ဥပလာတာ နှစ်ချပ်ယူခဲ့``။

ဒီလိုနဲ့ လ္ဘက်ဆိုင်မှာ အတန်ကြာထိုင်ရင်း ဟိုအကြောင်းဒီကြောင်း ပြောရင်း ကျွန်ုပ်က ``ဟေ့. ဟေ့ကောင် မင်းချင်သွားလား``၊ သူက သိသိနှင့် ရွဲ့ပြောတာလားတော့မသိ ``ဟေ့ကောင်.. ငါက ဘယ်သူ့ကိုမှ မချဉ်ဘူးကွ၊ လူတွေအားလုံးက အီကွာပဲ၊ ကဲ့ကဲ့.. ပြန်မယ်ကွာ၊ ဒီနေ့ ငါ အလုပ်ဆင်းရအုန်းမှာ``။ အပြောင်းပြောင်း အပြန်ပြန်ဖြင့် အမြဲပြောတတ်သည့် ကျွန်ုပ်တစ်ယောက် အဲ့ဒီ ``အီကွာပဲ``ဆိုသည့် စကားလုံးကို နားမလည်လိုက်ဘူး။ မေးမယ်လို့ ပါးစပ်ဟလိုက်တာ သူက အထာသိပြီးသားမို့ ``ဘာလဲ မင်းမေးမယ် မဟုတ်လား၊ မမေးနဲ့ ဖြေချိန်မရှိဘူး``ဟု ပြောလိုက်တော့ မမေးလိုက်ခဲ့ဘူး။

ကျွန်ုပ်သည် ထူးဆန်းတဲ့ စကားလုံးဆိုလျှင် စိတ်သိပ်ဝင်စားတတ်လေတော့ အဲ့ဒီစကားလုံးကို ``ပဲအီကွာ`` ဒါမှမဟုတ် ``အီကွာပဲ``ဆိုပြီး တည့်တည့်တွေးကြည့်၊ ပြောင်ပြန်တွေးကြည့်ပေမယ့် နားမလည်ခဲ့ဘူး။ နောက်ဆုံးတော့ ဧကန္တ အီကွာပဲဆိုသည့် ပဲမျိုးကို သူဆိုလိုနေမှာပါဟု ကောက်ချက်ချလိုက်ပါတော့သည်။ ကျွနုပ်သည် တစ်ပြုံးပြုံးနှင့် တွေးလိုက်နေသည်။ အကြောင်းမှာ ``ဒီကောင် တော်တော်ကံကောင်းတာပဲ၊ လူတွေအားလုံးကို အီကွာပဲနဲ့ နိုင်းသွားတာ၊ ဒီနေ့ လ္ဘက်ဆိုင်ထဲမှာ လူရှင်းနေလို့၊ နို့မို့ဆိုင်ရင် မလွယ်လောက်ဘူး ဒီကောင် အတွယ်ခံရမှာ ကိန်းသေမလွဲပဲ``။

ညနေရောက်တော့ သူအလုပ်မှ ပြန်လာသည်။ ပြောပြချင်လို့ ပါးစပ်ကို ယားနေတော့ ခြံပေါက်ဝကနေ စောင့်ပြီး သူအရောက်မှာ ကျွန်ုပ်သည် ချက်ချင်းပဲ လှမ်းနုတ်ဆက်လိုက်သည်။ ဆက်ပြီးတော့ ကျွန်ုပ်က ``ဟေ့ကောင်.. ဘယ်လို့လဲ ဒီနေ့ အလုပ်အဆင်ပြေလား၊ ကြမ်းရည်နွေးလေးဘာလေး မော့ဝင်သွားပါလားကွ၊ မင်းကြည့်ရတာ အတော်ပန်းပင်လာတယ်``။ ဒါနဲ့ သူက ``ဟာ.. အရေးထဲ လာပြန်ပြီ ပြောင်းပြန် ၀င်တော့ဘူးကွာ၊ အိမ်မြန်မြန်ရောက်ချင်ပြီ၊ မင်းဘာပြောစရာရှိလို့လဲကွ ပြော ပြော အခု``။ ကျွနုပ်က ``အေး.. မနက်တုန်းက မင်း အတော်ကံကောင်းတာပဲ``။ သူက ``ဘာလဲ မင်းနှမ ငါ့နဲ့မင်္ဂလာဆောင်မယ်လို့ ပြောတာလား``။ ``ရှီးမှပဲ.. မင်းလိုကောင် ပလောင်တောင်ယောင် အချောင်သမားနဲ့ ငါပေးစားမလား၊ ဒီမှာ ဟေ့ကောင် မနက်တုန်းက လ္ဘည်ရည်ထဲမှာလေ မင်း လူတွေအကုန်လုံးကို အီကွာပဲဆိုတဲ့ ပဲမျိုးနဲ့ ခိုင်းနိုင်းသွားတာ၊ မင်း ကံသယ်ပေလို့ ဆိုင်ထဲမှာ လူရှင်းချိန်မို့လို့၊ နို့မို့ဆိုရင် သေမလောက်အောင် အတွယ်ခံရမှာ ကိန်းသေတယ်``။

ကျွန်ုပ်ကပဲ ဆက်ပြီး ``ဒါနဲ့ ဟေ့ကောင်… မင်းပြောတဲ့ အီကွာပဲဆိုတဲ့ ပဲမျိုး ငါ တစ်ခါမှ မမြင်ဖူးဘူး၊ အစေ့ တော်တော်ကြီးလား၊ မင်းတို့အိမ်မှာရှိလား ငါလိုက်ကြည့်မလို့``။ သူက ဟက်ဟက်ပက်ပက် ပိုက်ကိုဖိရင်း ရေလိုက်ပြီးမှ ``မင်းဘာတွေ လာပြောနေတာလဲကွ၊ အီကွာပဲဆိုတာ ငါတို့စကား မဟုတ်ဘူး ဟကောင်ရ၊ အိင်္ဂလိပ်စကား အိင်္ဂလိပ်စကားကွ နော် မှတ်ထားမသေမချင်း၊ အဲ.. ငါလို အိင်္ဂလိပ်စကား ပြောတတ် ဆိုတတ်အောင်လည်း လေ့လာအုန်းမှပေါ့`` တဲ့လေ။

သူပြောတာလည်း ဟုတ်ချင်ချင်ဖြစ်နေသည်။ ကျွန်ုပ်တို့ တောလက်ဒေသမှ တောင်ပေါ်သားတို့ ကျေးလက်ရွာမှာ မူလတန်းကျောင်း၊ အလယ်တန်းကျောင်းများ ရွာတိုင်းလိုလိုရှိကြသည်။ သို့ပေမယ့် အိင်္ဂလိပ်မဆိုလေနဲ့ မြန်မာစာတောင်မှ ကောင်းကောင်းရေး ဖတ်တတ်အောင် သင်မပေးနိုင်ကြဘူးလေ အိင်္ဂလိပ်စကားဆိုလျှင် ဝေလာဝေးပေါ့ခင်ဗျား။

ဒါနဲ့ ကျနော်က ဆက်ပြီး ``အိုးကယ်….. မင်း ငါတို့အိမ် တကယ်မ၀င်တော့လား၊ ခွေးလေခွေးလွင့် ထမင်းငတ် လာသလို သူ့သခင်အိမ်ကို အမြှီးတန်းနေအောင် ပြေးသွားတဲ့အတိုင်း တန်းပြန်တော့မလားဟ``၊ သူက ``အေး အေး ၀င်တော့ဘူး ပြန်တော့မယ် ခွေးပျင်းခွေအလို အိမ်ထဲအမြဲ ခွေအိပ်နေတဲ့ ..`` ကျနော်ကို လက်ညိုးထိုးပြီး ``ဒီခွေးလိုမျိုးတော့ မဟုတ်ဘူး၊ မှတ်ထား အီကွာပဲဆိုတာ `ကွာ ပြဲ အီ` ကွ၊ ပိုင်းပိုင်`` တဲ့လေခင်ဗျား။ အော် အော် အီကွာပဲ အီကွာပဲ။

ရင်းနှီးမှုများဖြင့်
စိုင်းလင်းတိုင်း

© Copyright Reserved ထာဝရစကား | Design by: Yoshz | Converted into Blogger Templates by Theme Craft