အလှတရား (အပိုင်း၁)

စိုင်းလင်းတိုင်း | Thursday, September 9, 2010 3:30 AM
အခုတင်ထားတဲ့ ပို့စ်ကတော့ ဆရာတော်ကြီး ဦးဇောတိက (မဟာမြိုင်တောရ) ရေးထားတော်မူတဲ့ ``တွေးမိတိုင်းပျော်တယ်´´ဆိုတဲ့ စာအုပ်မှ ``အလှတရား´´လို့ ခေါင်းစဉ်တပ်ထားတဲ့ စာတစ်ပုဒ်ကို မဖတ်မိသေးသော သူငယ်ချင်းများအတွက် အမှတ်တရ လက်ဆောင်အနေနဲ့ ကူးယူရေးသား တင်ထားရခြင်း ဖြစ်ပါတယ်။ ကျနော့်ကိုယ်တိုင်လည်း တကယ်နှစ်သက်လို့ပါပဲ။

"အလှတရား"

Beauty is serene and at the same time exhilarating; it increases one’s sense of being alive. အလှတရားဟာ ငြိမ်သက်အေးချမ်းမှုရှိတယ်။ တစ်ချိန်ထဲမှာပဲ စိတ်ကိုရွှင်လန်းစေတယ်။ ရွှင်မြူးစေတယ်။ ပြီးတော အသက်ရှင်သန်နေတယ်ဆိုတဲ့ ခံစားမှုကိုလည်း ပိုပြီး အားကောင်းစေတယ်။ အလှအပကို မမြင်ရ မခံစားရတဲ့ဟာ ခြောက်သွေ့တဲ့နေ့ပဲ။ အလှအပကို ခံစားတတ်မှ လူပီသမယ်။ ပိုပြီး အဆင့်မြင့်တဲ့ အလှအပကို ခံစားတတ်လာရင် ပိုပြီး လူပီသလာ မယ်။ စိတ်ဓာတ် အဆင့်မြင့်လာလေ ဥာဏ်ပညာ အဆင့်မြင့်လာလေ အလှအပကို ပိုပြီးမြင်တတ် ခံစားတတ် လေပဲ။

စိတ်ထားအဆင့် မြင့်လာလေလေ ပိုပြီးအဆင့်မြင့်တဲ့ အလှကို မြင်လေလေပဲ။ အဲဒီလို အဆင့်မြင့်တဲ့အလှကို မြင်နိုင်လေလေ ကိုယ့်ဘ၀ရဲ့ အရည်အသွေးဟာ မြင့်လာလေလေဖြစ်တယ်။ အဲဒါဟာ အင်မတန်မကျေနပ်စရာ ကောင်းတယ်။ တန်ဖိုးရှိတယ်။ အရေးကြီးတယ်။
အဆင့်အမြင့်ဆုံး အလှကို မြင်နိုင်ရင် အဆင့်အမြင့်ဆုံး အလှကို မြင်နိုင်ရင် အဆင့်အမြင့်ဆုံးဘ၀ကို ရတာပဲ။ အကောင်းဆုံးဘ၀ကို ရတာပဲ။ ဒီစကားကို စာပေ၀ါသနာ ပါတဲ့သူတွေ၊ ကဗျာဝါသနာ ပါတဲ့သူတွေ၊ အနုပညာ ၀ါသနာပါတဲ့သူတွေ၊ တရားအားထုတ်တဲ့သူတွေ ပိုပြီး နားလည်ဖို့လွယ်မယ်။

အလှတရားကို ခံစားနိုင်တာကိုက အဆင့်မြင့်တဲ့စိတ်ဓာတ်နဲ့ အဆင့်မြင့်တဲ့ အသိဥာဏ်ရှိလို့ပဲ။ ဒါကြောင့် အဆင့်မြင့်တဲ့သူ ဖြစ်လာအောင် အဆင့်မြင့်တဲ့ အတွေးအခေါ်၊ အဆင့်မြင့်တဲ့ စာပေတွေကို နားလည်နိုင် ခံစားနိုင်အောင် လေ့လာရတယ်။ လှတဲ့အေးချမ်းတဲ့ ရှုခင်းကို ခံစားတတ်အောင် သင်ပေးဖို့လည်း လိုပါတယ်။ အမှန်တရားနဲ့ လွတ်လပ်မှု ဒီနှစ်ပါးကို ရောက်ဖို့ သွားရာလမ်းဟာ အလှတရားပဲ။ ဥာဏ်ပါပါ သဘာဝကျကျ အကြောင်းအကျိုး ကိုက်အောင် ပြောတဲ့စကားဟာ သိပ်လှတယ်။

အမှန်တရားဟာလည်း လှပတဲ့သဘောရှိတယ်။ မှန်လိုက်တာဆိုရင်ကိုပဲ အဲဒါ လှလိုက်တာလို့ အဓိပ္ပါယ်ပေါက် တယ်။ အကြောင်းအကျိုး ကိုက်လိုက်တာ၊ သဘာဝကျလိုက်တာ၊ သူ့ဟာနဲ့သူ အကြောင်းလေး အကျိုးလေးနဲ့ကို အဆင်ပြေနေတာ၊ အဲဒါ လှပမှုတစ်ခုပဲ။ ဒါကြောင့် အမှန်တရားဟာ အလှအပ တစ်မျိုးပဲ။ မမှန်တဲ့အရာဟာ မလှတဲ့အရာဖြစ်တယ်။ အကျည်းတန်တဲ့အရာဖြစ်တယ်။

စိတ်ရဲ့အလှဟာ အဆင့်မြင့်တယ်။ အမှန်တရားဟာ အဆင့်မြင့်တဲ့ အလှဖြစ်တယ်။ စိတ်ထားသန့်ရှင်းလှပလေ အမှန်တရားကို သိဖို့လွယ်လေပဲ။
ရိုးသားတာ ဖြောင့်မတ်တာဟာ သန့်ရှင်းတာ။ ကိုယ်ချင်းစာနာတတ်တာဟာ သန့်ရှင်းတာ။ စည်းကမ်းရှိတဲ့ စိတ်ဟာ သန့်ရှင်းတာ။ တရားအားထုတ်တဲ့အခါ စိတ်တည်ငြိမ်လာရင် အဲဒီစိတ်ဟာ စည်းကမ်းရှိလာတယ်။ စည်းကမ်းရှိလို့ စိတ်ရှုပ်ထွးမှု မရှိဘူး၊ စိတ်ပြန့်လွင့်မှု မရှိဘူး၊ သန့်ရှင်းတယ်၊ လှပတယ်။ အဲဒီလိုစိတ်မျိုးနဲ့ နေရမှ နေပျော်တယ်။

ဘ၀ကို လှလှပပနေချင်ရင် တရားမျှတမှုကို တန်ဖိုးထားတတ်ရမယ်။ မတရားတာကို လုပ်နေတဲ့သူရဲ့ဘ၀ဟာ လှပတဲ့ဘ၀ မဟုတ်တော့ဘူး။ တရားမျှတမှု မရှိတာတွေကို လုပ်တဲ့သူရဲ့ဘ၀ဟာ အထီးကျန်ဖြစ်တဲ့ ဘ၀ပဲ။ မတရားတာကို လုပ်တဲ့သူမှာ မိတ်ဆွေစစ် မိတ်ဆွေကောင်း မရှိဘူး။ မတရားတာကို လုပ်နေတဲ့သူတွေဟာ ဘယ်တော့မှ စိတ်အေးချမ်းမှုကို မရနိုင်ဘူး။ ကောင်းတဲ့ဘ၀ လျပတဲ့ဘ၀ တရားမျှတမှုရှိတဲ့ ဘ၀မှသာ စိတ်အေးချမ်းမှုရှိတဲ့ဘ၀ ဖြစ်နိုင်တယ်။

ညီညွတ်မှုရှိတဲ့ စည်းကမ်းရှိတဲ့ တရားမျှတမှုရှိတဲ့ အသိုင်းအ၀ိုင်းဟာ လှပတဲ့ အသိုင်းအ၀ိုင်းဖြစ်တယ်။ အမှန်တရားဆိုတဲ့ အလှအပကိုတွေ့ရင် စိတ်အေးချမ်းသာမှုကိုလည်းတွေ့မယ်။ အမှန်တရားဆိုတဲ့ အလှအပကို မတွေ့မချင်း စိတ်အေးချမ်းမှုကို မတွေ့နိုင်ဘူး။ အမှန်တရားနဲ့ အလှအပကို မြတ်မြတ်နိုးနိုး ငါ ရှာဖွေနေတယ်။ အဲဒီအသိက ငါ့ကို သတ္တိရှိစေတယ်။ ငါကိုယ်တိုင် အမှန်တရားနဲ့ အလှအပကို သိရှိခံစားပြီးတော့ ငါ သိရှိခံစားရတဲ့ အမှန်တရားနဲ့ အလှအပကို အများကို ဝေမျှဖို့ပဲ။ အဲဒါဟာ ငါ့ဘ၀ရဲ့ ဦးတည်ချက်ပဲ။

လူသားတွေရဲ့ အကျိုးကို ထိထိရောရောက် ဆောင်ရွက်သွားတဲ့သူဟာ စိတ်ကျန်းမာတဲ့သူ ဖြစ်လို့ပဲ။ အဲဒီလိုလူရဲ့ဘ၀ဟာ လှပတဲ့ဘ၀ဖြစ်တယ်။ လွတ်လပ်အေးချမ်းနေတဲ့စိတ်ဟာ စွမ်းအားအင်မတန်ကြီးပါတယ်။ တကယ်လှတဲ့စိတ်ဟာ စွမ်းအားအကြီးဆုံး အရာဖြစ်တယ်။ တကယ်စွမ်းအားကြီးသူ ဖြစ်ချင်ရင် စိတ်ထားတည်ငြိမ် အေးချမ်းအောင် လေ့ကျင့်ရမယ်။ ဥာဏ်ပညာ ရင့်ကျက်အောင် လေ့ကျင့်ရမယ်။ စစ်မှန်တဲ့ မေတ္တာရှိအောင် လေ့ကျင့်ရမယ်။

လောကကြီးကို ကြည့်တဲ့အခါမှာ လွတ်လပ်တဲ့စိတ် အေးချမ်းတဲ့စိတ်နဲ့ ကြည့်တတ်ဖို့ အင်မတန် အရေးကြီးပါတယ်။ လှတဲ့စိတ်နဲ့ကြည့်မှ လှတာကိုမြင်မယ်။ လှပပြီး အေးချမ်းတဲ့နေရာမှာ လမ်းလျှောက်တာဟာ ကျန်းမာရေးအတွက် အကောင်းဆုံးဆေးဖြစ်တယ်။ ကျန်းမာမှုဟာ လှပမှုအတွက် အရေးပါဆုံး အချက်ဖြစ်တယ်။


ဆက်ပါအုန်းမယ်--
-

1 Comment to "အလှတရား (အပိုင်း၁)"

  1. ဆရာတော် ဦးဇောတိကရဲ့ စာတွေကိုဖတ်ရတာ တကယ်ကို စိတ်ငြိမ်းချမ်းမှုရတယ် လင်းတိုင်းရေ....ငါ့မောင်လေးက လိမ်မာသားပဲ။

© Copyright Reserved ထာဝရစကား | Design by: Yoshz | Converted into Blogger Templates by Theme Craft