သားသတ်လွတ်သမားလေးပါ

စိုင်းလင်းတိုင်း | Tuesday, April 27, 2010 11:11 AM

ပတ္တာရွာဆိုတာ ကျနော်ချစ်သည့် ရွာလေးတစ်ရွာလို့ပြောလျှင် မှားမည်မထင်၊ ပတ္တာရွာလေးသည် လယ်ဝေးမြို့နှင့် တစ်မိုင်လောက်သာ ဝေးသောရွာလေး ဖြစ်သည်။ အဲ့ဒီရွာလေးကို မကြာခဏ ကျနော်ရောက်ဖြစ်သည်။ တစ်ခါအလည်သွားလျှင် သုံးလေးရက်လောက်နေပြီးမှ ပြန်တတ်သည်၊ တစ်ရွာလုံးလိုလို ကျနော်နှင့်ခင်နေသည်။

ဆက်လက်ဖတ်ရှုရန်


ပတ္တာရွာလေးသည် မန္တလေး+ရန်ကုန် ဟိုင်းဝေး လမ်းမကြီးနှင့် ကပ်ပြီးတည်ထားသည့် ရွာလေးဖြစ်ပြီး၊ ကားလမ်းမကြီး၏ ဘယ်ညာဘက်ခြမ်းမှာ ရွာ၏ဈေးတန်းလေးကို ဖြတ်သွားဖြတ်လာသည့် ခရီးဧည့်သည်တိုင်း မြင်တွေ့နိုင်ပါသည်။ ကျနော်သည် ပတ္တာရွာသား ထွန်းဝင်း ရွာသူခင်သန္တာတို့နှင့် ပတ္တာရွာကို အလည်လိုက်သွားသည့်နေ့ တစ်နေ့ပေါ့ဗျာ၊ သူတို့နှစ်က မောင်နှမတစ်ဝမ်းကွဲ၊ အဲ့.. ကျနော်ကတော့ နှစ်ဝမ်းကွဲ။ နှစ်ဝမ်းကွဲဆိုတာ သူတို့ နှစ်ယောက်နှင့် မောင်နှမချင်းမတော်၍ဖြစ်သည်။ ပြောချင်တာက ဒီလိုပါ ကားပေါ်မှာ ကျနော်နှင့် ထွန်းဝင်းက တစ်ခုံတည်းအတူထိုင်ကြပြီး၊ ခင်သန္တာသည် ကျနော်တို့နှင့် ဘယ်ဘက်ခြမ်းတည့်တည့် ထိုင်ခုံမှာထိုင်သည်။ အမှန်က ကား၏ထိုင်ခုံတိုင်းသည် အရှေ့ကို မျက်နှာမူပြီး တည်ဆောက်ထား တာဖြစ်သည်။ သို့ပေမယ့် ကျနော်အတွက်တော့ သိပ်အဆင်မပြေချင်ဘူး၊ ဘာပြုလို့လဲဆိုတော့ ကျနော်အကျင့်နှင့် လိုက်ဘက်မညီ၍ဖြစ်သည်။ ကျနော်သည် ကားစီးသည့်အခါတိုင်း သူများတွေလို အရှေ့ဘက်ကို မျက်နှာမမူဘဲ ကား၏အနောက်ဘက်ကို မျက်နှာမူပြီး ကန့်လန့်ထိုင်နေတတ်သည်။ အရှေ့နဲ့အလယ် ထိုင်ခုံများကို ထိုင်ရသည့်အခါကို ပြောပါသည်။ ဖြစ်နိုင်ရင် ကားပြင်ဆရာ ကြီးများတွေကို ကား၏ထိုင်ထိုင်ခုံ ချသည့်အခါမှာ အရှေ့နဲ့အလယ် ထိုင်ခုံများကို အနောက်ဘက် လှည့်ပြီးချထားစေချင်သည်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော့်လို အတွဲချောင်း ၀ါသနာပါသည့်သူတွေ ကားပေါ်အတွဲ ချောင်းရအောင်လို့ပါ။ ဒီတစ်ခါလည်း ကျနော့်အတွက် စိတ်တိုင်းကျ ထုံခုံမှာထိုင်ရသည်။ ထိုင်ခုံက အရှေ့မကျလွန်း နောက်ဘက်မကျလွန်းသည့် အလယ်တည့်တည့်ထိုင်ခုံ၊ အရှေ့ကိုလည့်လျှင် ကိုယ့်ရဲ့အရှေ့မှာ ထိုင်နေသည့်လူတွေကို တွေ့ရသည်၊ အနောက်ဘက်ကို လှည့်လိုက်လျှင်လည်း နောက်မှာထိုင်နေသည့် လူတွေကို တွေ့နေရသည်။
ဒီလိုနှင့် ကျနော်ထိုင်နေကြ ပုံစံမျိုးဖြင့် ကန့်လန့်ပြီးထိုင်နေရင်း ဟိုး.. ထိုင်ခုံအနောက်ဘက်က အတွဲနှစ်တွဲကို လှမ်းချောင်းကြည့်နေသည်။ မြန်မာဗွီတိယိုဇာတ်ကား ကြည့်နေရသည့်အတိုင်းပါ အမေလေး… ကြည့်ကောင်းချက်ကတော့ ကောင်းသလား မမေးလိုက်လေနှင့် ဟိုငနဲက ဟိုကောင်မလေးကို အငန်းမရစိုက်ကြည့်နေပြီး၊ ပြီးတော့ ဟိုကောင်မလေးက ဟိုကောင်ကြီး၏ နှာခေါင်းချွန်ချွန်ကြီးကို သူ့လက်နဲ့လှမ်း ဆွဲလိမ်လိုက်တာ ကောင်မလေးက နာစေချင်၍ ဟုတ်မယ်မထင် ဖွဖွရွရွပုံစံမျိုးဖြင့် ဆွဲလိမ်လိုက်တာ နည်းနည်း အားပါသွားဟန်တူသည်၊ ဟိုငနဲခများ နာလွန်း၍ သူ့နှာခေါင်းကြီးကိုအုပ်ပြီး ကောင်မလေး ရင်ခွင်ထဲ ထိုးအိပ်ပစ်လိုက်တာဗျာ ကြည့်လို့ကောင်းနေတုန်း အားပါးပါး နာလိုက်တာ ဘယ်ကနာ၍ နာနေမှန်းမသိ ကျနော်က အား.. ဆိုပြီးအော်လိုက်သည်။ လက်စသတ်တော့ ခင်သန္တာက သူဘာသာသူ မနေဘဲ သူမလက်ကြမ်းကြီးနှင့် ဟိုဘက်ခြမ်းကနေ ကျနော့်နားရွတ်ကြီး လှမ်းဆွဲလိမ်လိုက်တာ ဖြစ်သည်။ ကျနော်က နာတယ်ဗျလို့ ပြောလိုက်တော့ သူမက နာရမယ် နာရမယ် ဒီ့ထက်နာရအုန်းမယ် ရွာရောက်ရင် ဟိုတစ်ဘက်ကို ထပ်လိမ်လိုက်အုန်းမယ် တကတည်း ခွေးအူပုံစံကြီးနဲ့ ငေးနေလိုက်တာ တုတ်တုတ်ကို မလှုပ်ဘူးဟု ပြောလိုက်တော့ ကားပေါ်ကလူတွေ တဟားဟား တဟီးဟီးနှင့် ကျနော်ကို ၀ိုင်းရည်လိုက်တော့သည်။ အောင်မလေးဗျာ ရှက်လိုက်တာ မျက်နှာကို ဘယ်နားသွားထားရမှန်း မသိတော့ဘူး၊ ထွန်းဝင်းဘက် လှည့်လိုက်တော့လည်း သူက အရည်မသတ်ဘဲ မျက်နှာကို လက်ညိုး တထိုးထိုးနှင့် တခွီးခွီးရည်နေသည်။
ဘာမျှမတတ်နိုင်တော့ပါ ရှက်လွန်း၍ ဟိုငနဲလို မျက်နှာအုပ်ပြီး တစ်ယောက်ယောက် ရင်ခွင်ထဲ ထိုးအိပ်စရာကမရှိ၊ ထွန်းဝင်းက ယောကျားကြီး အနံ့အသက်က ကပ်ချင်စရာမရှိ မသက်သာ၍ အတူထိုင်နေရသည်။ ဒီလိုနှင့် ကျနော်သည် ကားပေါ်ကလူတွေကို အဟီး.. ဆိုပြီး လှမ်းပြုံးရင်း ပါလာသည့် လွယ်အိပ်ကို ဇစ်ဖွင့်ပြီး ခေါင်းထိုးထည့်လိုက်တာ အဲ့ဒါမှ ပိုပြီး ရည်ချင်စရာ ဖြစ်သွားသလားမှမသိပါ၊ ၀ါး..ဟားဟား ဆိုသည့်ရည်သံတွေ ကြားလိုက်ရသည်၊ ခေါင်းထောင်ကြည့်လိုက်တော့ ကားစပါယ်ယာပါမကျန် တဟီးဟီး တဟားဟားနှင့် ရင်ကိုဖိပြီး ရည်နေကြသည်။ မရည်သူသည့်လူဆို ကျနော် တစ်ယောက်တည်း၊ အဲ့ဒါနဲ့ ကျနော်က ထွန်းဝင်းကို ဘာဖြစ်တာလဲလို့မေးတော့ သူက မင့်နှယ် မင်းမသိဘူးလား မင်းကိုရည်နေတာ၊ မင်းလုပ်ပုံကိုက ဟာသဖြစ်နေလွန်းတယ် သတဲ့လေ။ ကျနော်က သန္တာဘက်လှည့်ကြည့်သည် သူမက နင်.. နင် င့ါကိုမကြည့်နဲ့ နင့်မျက်နှာကြီးကို မြင်လိုက်တာနဲ့ ငမော့ထက်ဆိုးတယ် အောင်မလေးနော် ရည်ရလွန်းလို့ ငါ့သည်းအူတွေပျက်ပြီး သေတော့မယ် အဟေးဟေး အဟီးဟီး တဲ့။ ခုနားကတော့ ကျိုကြည့်ကြည့်သည့် အကြည့်ကြီးနဲ့ ခုတော့ ကျနော့်ကိုမျက်နှာ မကြည်ရဲတော့ဘူး။ ဒီလိုနှင့်ရွာလည်း ရောက်ရော သူတို့နှစ်ယောက်သည် ဒီကရှက်နေပါတယ်ဆိုမှ သူတို့ကသွားပြီး ရွာထဲမှာ ဖေါက်သည်ချနေ လေတော့သည်။ ညနေပိုင်း ရောက်တော့ သူငယ်ချင်းတွေက ရောက်လာသည်၊ တစ်ချို့က ခလေးနှစ် ယောက်ရ၊ တစ်ချို့က ခလေးတစ်ယောက်ရ၊ တစ်ချို့ကတော့ အိမ်ထောင်မကျသေး၊ ကျနော်က အိမ်ထောင်မကျသေးသည့် သူငယ်ချင်းများကို နင်တို့ရော မင်္ဂလာ မဆောင်သေးဘူးလားဟု မေးတော့ သူတို့က ရွေးချယ်နေတုန်း တဲ့လေ။ ပြီးတော့ သူတို့က နင်ရော ဘာလို့အိမ်ထောင် မပြုသေးတာလဲဟု မေးတော့ ကျနော်က ကြိုက်မယ့်သူ မရှိသေးကြောင်းပြောသည်။ သူတို့က နင်မကြိုက်တာလား ကောင်မလေးက နင့်ကို မကြိုက်တာလားဟု မေးပြန်တော့ ကျနော်က ကောင်မလေးက မကျိုက်တာ ဖြစ်ကြောင်းပြောသည်။ အဲ့ဒါနဲ့ သူတို့က ဒီလိုဆိုရင် နင်လက်ထပ်မှာလားဟု မေးသည်။ ဘယ်သူနဲ့လဲ ဟုမေးတော့ ၀က်ကြီးလေ ၀က်ကြီးက နင်ကိုခိုက်နေတာ ငါတို့သိတယ် တဲ့ဗျာ။ အမေလေး… ၀က်ကြီးဟုတ်လား၊ နင်တို့နော် ငါ့ကို တိရိစ္ဆာန်နဲ့ပေးစားတယ် ငါ နက်ဖြန်ပြန်တော့မယ်ဟို ပြောတော့ သူတို့က ဟဲဟဲ မပြန်ပါနဲ့အုန်း ကိုရှမ်းရေ ပျော်ရအောင် စနေတာပါ။ အဲ့.. ပြောမယ့်ပြောလည်း ငါတို့ရွာ ၀က်ကြီးဆိုတဲ့ ကောင်မလေးတစ်ယောက် အဟုတ်ကိုရှိနေတာ နင်မသိဘူးလား၊ ကျနော်က သိပါ့သိပါ့ မသိယောင် ဆောင်နေတာ မကြိုက်လို့ဟု ကျနော်ပြောသည်။ နင်တို့က အဲ့ဒါကြီးနဲ့ ပေးစားမယ်ဆိုရင် နက်ဖြန် ငါပြန်တော့မယ်ဟု ကျနော်က ခပ်တည်တည်နှင့် ပြောလိုက်တော့ မလုပ်ပါဘူး ပြန်လည်းမပြန် ပါနဲ့အုန်း ဒီနေ့ပဲရောက်တာ နက်ဖြန်ပြန်တော့မယ်ဆိုရင် ငါတို့ကတာဝန် မကျေရာကျမှာဟ ဆိုပြီး သူတို့အဟုတ်ထင်ပြီး တားကြသည်။ အဲ့ဒါနဲ့ သူတို့က ကိုရှမ်းကသိပ်ဟာသ လုပ်တတ်တယ်ဆို ဒီညတော့ နင်လူရွှင်တော်လုပ်ရမယ် ဒါမှမဟုတ် သီချင်းဆိုပြရမယ်ဟု ပြောသည်။ ကျနော်က ဟ.. နင်တို့ရဲ့ အမိန့်က ပျင်းလှချည်လား ဟာသလည်းလုပ်တတ်ဘူး သီချင်းလည်းဆိုတတ်ဘူး ကဲ.. နင်တို့ ငါ့ကိုဘာလုပ်မှာလဲဟု မေးတော့ သူတို့က မလုပ်ရင် ထမင်းမကျွေးဘူးဟု ပြောသည်။
အောင်မလေး ဟာသမလုပ် သီချင်းမဆိုရင် ထမင်းငတ်မှာတဲ့လား၊ နင်တို့က အပြောင်းလဲကြီး ပြောင်းလဲနေပါလား ဟိုအရင်တုန်းက ငါလာတာ နင်တို့အဲ့ဒီ အပြောမျိုးနဲ့ မဟုတ်ဘူးနော့်၊ အဲ့လေ နင်တို့က ခေတ်နဲ့အလိုက် ပြောင်းလဲနေတယ်ပေါ့လေ အဲ့.. ဟာသတော့လုပ်တတ်ဘူး သီချင်းပဲဆိုပြမယ် ဂစ်တာယူခဲ့ဟု ကျနော်ပြောသည်။ အမေ.. သူတို့ခများ တအံ့တသြနဲ့ ကျနော့်ကို ကြည့်နေသည်၊ တစ်ယောက်က ထမေးသည် အဟဲ .. ကိုစိုင်းက ဂစ်တာတီးတတ်လားတဲ့။ ကျနော်က ဟ.. တီးတတ်တာပေါ့ ထီးမပါလည်း နေပူထဲသွားနိုင်တယ် အဟဲဟု ပြောတော့ ခင်သန္တာက အာ.. ထီးမပါလည်း မိုးထဲ လျှောက်သွားနိုင်တယ်လို့ ပြောပါ ဘယ့်နှယ် နေပူထဲဖြစ်ရမှာလဲဟု ပြောသည်။ ကျနော်က နင်ကလည်း နေပူဖြစ်ဖြစ် မိုးထဲဖြစ်ဖြစ် ထီးပါရင်ပြီးတဲ့အုစ္စာ။ ဒီမှာ ရစ်မနေနဲ့ သီချင်းဆိုပြမယ် အဟမ်း အဟမ်း ငထွန်းရေ ဂစ်တာယူ ပြီးတော့ မန္တလေးရောက် ရှမ်းတစ်ယောက်ဆိုတဲ့ သီချင်းသံစဉ်ကျကျတီး ငါက သီချင်းဆိုမယ် ဒီငနာထီး ငနာမလေးတွေက အတင်းဆိုခိုင်းနေတယ်။ ဒီလိုနဲ့ ထွန်းဝင်းက ဂစ်တာလေးတီး ကျနော်က သီချင်းကို ဗမာလေသံ မပီကလာ ပီကလာကြီးနှင့်ဆိုသည်။ သူတို့က လက်ခုပ်လေးတွေ တီးပေးရမယ့်အစား လက်ခုပ်မတီးပဲနဲ့ တဟီးဟီး တဟားဟားနဲ့ ရယ်နေကြသည်။ သူတို့ရည်လွန်း၍ ကျနော့်သီချင်းတောင် ရပ်သွားသည်။ ကျနော်သည် သီချင်းဆိုရာက ရပ်ပြီး ဟေ့.. နင်တို့က ဘာရယ်တာလဲ ဘယ်လိုလဲ ငါအသံက ကိုထီးအသံ မှီတယ်မဟုတ်လားဟု မေးတော့ ကျော်ကြီးက တစ်ခုခုပြောမယ်ကြံပြီးမှ မပြောနိုင်သေးဘဲ တဟားဟားနဲ့ရယ်နေသည်။ ကျနော်က အောင်မလေးနော် ခေတ်အလိုက်မို့ ထမင်းမငတ်ဖို့ အဆိုတော် လုပ်ရတော့မယ်ထင်တယ်ဟု ငြီးငြူလိုက်သည်။
ကျော်ကြီးက အရယ်မရပ်နိုင်တော့ သူမိန်းမ ရွှေတင်က ထပြောလိုက်သည်မှာ နင်အသံက ကိုထီးကြီးတောင် အရှုံးပေးရလိမ့်မယ် အသံက စူးစူးရှရှ ကွဲအက်နေပြီး ရွာက ငတိုးကြီး အရက်မူးပြီး မီးဘေးဆိုတဲ့သီချင်း အော်ဆိုနေသလိုပဲ ငါ့သမီးလေး နင်အသံကိုကြောက်လို့ ငိုနေပြီ တဲ့။ အမေလေး… နိုင်းရက်လေပ မိတင်ရေ ဒီတစ်ညကိုရှမ်းကြီး အိပ်နိုင်တော့မှာ မဟုတ်ဘူးလေ၊ ဘာပြုလို့လဲ ဆိုတော့ အဲ့ဒီငနဲကြီး ကိုတိုးဆိုတာ ရွာမှာအဆိုးဆုံး အရှုပ်ဆုံးပဲ၊ ကျနော်က တော် တော် တော်တော့ မိတင်ရာ။ အသံကောင်းသည်ဖြစ်ဖြစ် မကောင်းတာပဲဖြစ်ဖြစ် အထိက ငါ့ကို ထမင်းကြွေးတော့ ပိုက်ဆာနေပြီဟု ကျနော်ပြောလိုက်တော့ သူတို့က ဟေ့ ဟေ့ နေဦး ကြက်မသတ် ရသေးဘူးဟု ဆိုသူဆို၊ အေး.. ဟုတ်သဟ ၀က်မသတ်ရသေးဘူးဟု ပြောသူပြော ဆူဆူညံညံ ဖြစ်သွားသည်။ ကျနော် အိမ်ဝိုင်းစတိတ်ရှိုး ပွဲလေးကို ငြိမ်းသတ်ရန် ဟေ့ ဟေ့ နင်တို့နားထောင် ၀က်လည်းမသတ်နဲ့ ကြည်ခေါင်းလည်းမဖြတ်နဲ့ ရောဂါကြောက်တယ်၊ ငါက သားသတ်လွတ်သမား အသားမရှိရင် ကြက်ဟင်းခါးနဲ့လည်း ပြီးတယ်ဟု ဆူညံပူညံ ပွဲလေးကို သိမ်းလိုက်ရသည် ။ ။

ဤမျှသာ ကျေနပ်တော်မူပါ


ခင်မင်လေးစားမှုများဖြင့်
စိုင်းလင်းတိုင်း

1 Comment to "သားသတ်လွတ်သမားလေးပါ"

  1. အဲ...ဇာတ်လမ်းက ဒီမှာတင် ရပ်မထားနဲ့လေ...အဲဒီ ရွာကနေပြန်တော့ ၀က်ကြီးကို ခေါ်သွားတယ် မို့လား... အဲဒါပါ ထည့်ရေးဦးလေ... :D

© Copyright Reserved ထာဝရစကား | Design by: Yoshz | Converted into Blogger Templates by Theme Craft