ကြွက်သာဖြစ်လိုက်ပေတော့

စိုင်းလင်းတိုင်း Wednesday, May 5, 2010 12:54 PM

ကျွန်ုပ်သည် နှစ်နှစ်တစ်ခေါက် မွေးရပ်ဌာနေ ရွာသို့ပြန်လှည့်ရှိသည်။ မြို့မှာအနေကြာတော့ မြို့အကျင့်သည် ဘယ်ရောက်ရောက် လက္ဘက်ရည်ဆိုင် ထိုင်သည့်အကျင့်တစ်ခုက ဖျောက်မရ မွေးရာပါအကျင့်တစ်ခုကဲ့သို့ စွဲလမ်းနေသည်။ ဒီတော့ ရွာလည်းရောက်ရော မနက်မိုးလင်းရုံသာရှိသေး လက္ဘက်ရည်ဆိုင်သွားဖို့ ခြေလှမ်းပြင်နေသည်။
အဲ့ဒီအချိန် အစ်မကြီးက အိပ်ရာမှထလာသည်။ သူမသည် အပြင်ထွက်ရန် ဟန်ပြင်နေသည့် ကျွန်ုပ်ကိုမြင်သွားပြီး “ဟဲ… အဲ့ဒါ ဘယ်သွားမလို့လဲ”ဟု မေးသည်။ ကျွန်ုပ်က “လက္ဘက်ဆိုင်သွားမည်”ဟု ပြောတော့ “ဟဲ… အရူး ဘယ်ကလက္ဘက်ဆိုင် သွားထိုင်မှာလဲ၊ မြို့များမှတ်နေလို့လား၊ ဒါကရွာဟဲ၊ ဒီချိန် သရဲ လကဘ္ဘက်ရည်ဆိုင်ပဲရှိမယ်၊ နေပါအုန်း နင်က ဘယ်လက္ဘက်ဆိုင် သွားထိုင်မှာလဲ မနက်အစောကြီးကို”။ ကျွန်ုပ်က “အေးငွေတို့ဆိုင်”ဟု ခပ်တုတ်တုတ်ပြန်ဖြေသည်။

ဆက်လက်ဖတ်ရှုရန်


သူမက “အမေလေး လင်းတိုင်းရေ အေးငွေက သေသွားပြီ၊ မနက်စောစောကြီးကြီး မင်္ဂလာမရှိလိုက်တာ၊ အေး… နင်သွားချင်သပ ဆိုရင်တော့ မတားဘူးဟေ့ သွားသွား သူတို့ဆိုင်ရှေ့မှာ ဆံပင်ကြီး ဖားရားဖားရားနဲ့ နင့်ကိုစောင့်နေလိမ့်မယ်” ဟုပြောလိုက်တော့ အောင်မေလေးလေး ကျွန်ုပ်ဖြင့် ကျက်သီးမွေးညင်း ထသွားသည်၊ စောစောက ကျွန်ုပ်၏ အပြင်သွားထွက်ရန် အကြံနှင့် ဖွင့်ထားသည့်တံခါးကို အလျင်အမြန် ပြေးပိတ်လိုက်သည်။
အစ်မက “ဟေ့..ဟေ့.. အဲဒါ ဘာလုပ်တာလဲ ငါမျက်နှာသွားသစ်မလို့ ပြန်ဖွင့်လိုက်စမ်း” ဒီတော့ ကျွန်ုပ်က “ဟာ မမကလဲ ကိုယ့်ဘာသာကို သွားဖွင့်ပါလားဗျာ” ဟြုေ့ပာရင်း မီးလှမ်းဖွင့်လိုက်တာ အဲဒါမှ ပိုဆိုးရော၊ မမကြီးကို စိတ်တိုအောင် ဆွမိသကဲ့သို့ဖြစ်သွားသည်။ ဒီတော့ သူမက “မီးကို နင်ဘာလို့ ဖွင့်တာလဲ၊ မိုးလင်းနေပြီ”ဟုပြောတော့ ကျွန်ုပ်က “အဟီး… ကြောက်လို့”ဟု ပြောလိုက်ရသည်။ သူမက “ဘာကြောက်တာလဲ” ဟုမေးတော့ ကျွန်ုပ်က “သရဲ”ဟုဖြေသည်။
မမက “ဘယ်မှာလဲ၊ နင်ရှေ့မှာ ငါပဲရှိတယ်၊ ငါ့ကို သရဲလို့ပြောတာလား”၊ ကျွန်ုပ်ယောင်သွားပြီး “ဟုတ်”ဆိုပြီးဖြေလိုက်တော့ မမသည် လက်သီးလက်မောင်း တဆုပ်ဆုပ်နှင့် “တယ် ငါလုပ်လိုက်ရ“ ကျွန်ုပ်က “အဲ.. ဟုတ်ဖူး ဟို ဟို ကောင်မသရဲ လာမှာစိုးလို့”ဟု ပြန်ဖြေလိုက်မှ သူမဒေါသကြီး နည်းနည်းလျှော့သွားသည်။ အမေလေး ကျနော့် မမဒေါသကြီးပုံသည် လှောင်ထားသည့် ခွေးနှင့်တူလွန်းနေသည် တဟီးဟီး တအင်အင်နှင့် ကြိုးများလွတ်လိုက် တကယ်ကိုက်မည့်ပုံ အဲ မဟုတ်ဘူးခင်ဗျား ချက်ကောင်းကွက်တိ ပြန်မဖြေနိုင်လျှင် တကယ်ဆော်လိမ့်မည်။ သူမသည် တံခါးဖွင့်ပြီး ဆင်းသွားသည်။
ကျွန်ုပ်မှာ “ဟူး”ဆိုပြီး သက်ပြင်းကို ချလိုက်ရတော့သည်။ အဲအချိန် မေမေက နိုးလာပြီး “ဟေ့ နင်တို့မောင်နှမ ဘာဖြစ်နေတာလဲ ဆူညံ နေလိုက်တာ အိပ်နေတဲ့လူကိုမှ အားမနာဘူး ဟွန့်”ဟု ညီးတွားလိုက်တော့ မမကြီးက “ဒီအကောင်ပေါ့ သမီးကို သရဲလို့ပြောတယ်၊ ပြီးတော့ ကျမကို ထိုးလားကျိတ်လား လုပ်နေတာ”တဲ့။ အမေလေး လူကို ချောက်ကမ်းပါးအောက် စောက်ထိုးကျွမ်းသွားအောင် ကန်ချနေသလားတော့မသိ။
မေမေက “ဟေ့ သား ကိုယ့်အစ်မကို ဘာဖြစ်လို့ ဒီလိုပြောရတာလဲ” ဒီတော့ ကျွန်ုပ်သည် မေ့မေ့ကို “မေမေ မယုံနဲ့နော် မေမေမတွေ့လိုက်လို့ ခုနားက သားကို သူက လက်သီးလက်မောင်းနှင့် ကျိန်းနေတာ အိမ်က ကြက်မကြီးအတိုင်း သူနိုင်ရာကို လိုက်တုတ်နေတာ” ဟုပြောလိုက်တော့ အစ်မကြီးက မျက်နှာသစ် မပြီးသေးသည့် ရေခွက်ကြီး တန်းလန်းတန်းလန်းနှင့် တက်လာပြီး “နင် နင်… နင် ငါ့ကို ကြက်မလို့ပြောတယ်၊ နင်ကတော့ ကြက်လောက်ကို တန်ဖိုးမရှိဘူးဟေ့၊ အကောင်နော် သတ်ပြီး ဟိုကောင်မဆီ ပို့ပစ်လိုက်မယ်”တဲ့၊ အားပါး ရစရာကိုမရှိတော့ဘူး ကြက်လောက်မှ တန်ဖိုးမရှိ လျှင်တော့ ကြွက်သာဖြစ်လိုက်ပေတော့ခင်ဗျား။

ဤမျှသာ
လေးစားခင်မင်ချစ်ခင်မှုများဖြင့်

2 Comments to "ကြွက်သာဖြစ်လိုက်ပေတော့"

  1. စုံသွားတာပါပဲ လင်းတိုင်းရေ..
    ကောင်းရောဟ..

  2. လာဖတ်သွားပါတယ် ကြွက်ကလေးရေ...အဲလေ....လင်းတိုင်းရေ.. :))

    အစ်မအင်ကြင်း

© Copyright Reserved ထာဝရစကား | Design by: Yoshz | Converted into Blogger Templates by Theme Craft