သံယောဇဉ်

တောင်းဆုခြွေသည်

တစ်ခေါက်တစ်ခါ ဖြစ်ဖြစ် ရောက်ချင်သည်
သူရှိသည့်မြေ၊
တစ်ကြိမ်တစ်ခါဖြစ်ဖြစ် မြင်ဖူးချင်တာ
လှတစ်မျက်နှာလေး၊
တစ်ချိန်တစ်ခါဖြစ်ဖြစ် ငေးမောကြည့်ချင်တာ
သူ့မျက်နှာ၊
ကံဇာတာရေ ဒီတစ်ခါတော့
ငှဲ့ညာလှည့်အုန်းကွယ်
ချစ်ကံမကုန်
ဆုံဖြစ်ခွင့်လေး
ပေးသနားလှည့်ပါလို့
တောင်းဆုခြွေသည်။

နေနိုင်သူလေး

မောင့်အိမ်မက်မေ


ချိုသာတဲ့ သူ့ပြောစကား
နှလုံးသားမှာ စွဲငြိခဲ့လေပြီ။
အတွေးပန်းချီ ညတွေတိုင်း
ညဥ့်နက်လေလေ နက်ရှိုင်းလေ
အတွေးထဲရယ် အမြဲလာတဲ့မေ
အိမ်မက်ထဲလည်း အမြဲနှောက်ယှက်တယ်
သိပ်ဆိုးတဲ့ ချစ်စရာ့မလေးရေ။
လှတစ်မျက်နှာ မြင်ခွင့်မရှိပေမယ့်
မှာတော်ပါး စကားလေးတွေနဲ့
ကျေနပ်နေတဲ့ ဒီမောင့်ကို
ရူးသွပ်သူလို့ ဆိုလေမလားကွယ်။
အဟုတ်တကယ် ရင်ထဲမှလည်းလေ
တိုင်တည်ကာရေ ဆိုရဲတယ်
မထင်မှတ်ပဲ ဆုံဆည်းခဲ့ပေမယ့်
ဒီတစ်သက်နဲ့ ဘ၀ဆက်တိုင်းမှာ
ချစ်ခင်တွယ်တာ အမြဲကြင်နာမယ်
သူလေ....
မောင့်ရဲ့အိမ်မက်မေ ။ ။

ရေးစရာ စာမရှိပါ


ဒီနေ့ ကျွန်ုပ်သည် ကွန်ဗျူတာရှေ့မှာ တစ်နေကုန်ထိုင်နေခဲ့သည်၊ ဘာမှမလုပ်ဘူး တကယ်ပါပဲ ဘာမှကိုလုပ်ချင်စိတ်မရှိဘူး။ ကျွန်ုပ်၏ စိတ်တွေကလည်း လေးလံထိုင်းမှိုင်းနေသည်။ ရွာသားမို့ ကွန်ဗျူတာမမြင်ဖူး၍ ပါးစပ်အဟောင်းသား စကားတစ်ခွန်းမှ မပြောပဲ ငေးမောကြည့်နေသည့်အတိုင်းပါပဲ။ မနိုင်းကောင်း မနိုင်းစရာ ငအတစ်ယောက်ကဲ့သို့ သူများတွေ အလကားပြသည့် ဗွိတိယိုကားကို ပါးစပ်မပိတ်ပဲ ကြည့်နေသည့်အတိုင်း အဲ့ဒီလောက်ထိကို ငိုင်ငေးတွေဝေနေသည်။ တကယ်ပါ ဘာမှန်းလဲမသိဘူး ထမင်းကြွေးမည့်သူမရှိ၍ မျှော်လင့်ချက်တွေ ကုန်းခမ်းပြီး လမ်းဘေးမှာ ခွေခွေလှဲအိပ်နေသည့် ခွေးလေခွေးလွန့်လေး တစ်ကောင်အတိုင်းပါ။

ဆက်လက်ဖတ်ရှုရန်


ခဏကြာတော့ သူငယ်ချင်းတစ်ယောက် ငမောဝ်ရောက်လာသည်၊ သူသည် ကျွန်ုပ်ဘေးနားလာထိုင်နေသည် ဘယ်လောက်ကြာသွားမှန်းမသိဘူးဗျာ သူခများ ကျွန်ုပ်ကိုခင်လွန်း၍ မကြာခဏ လာလည်သည်။ သူသည် ကျွန်ုပ်ကို အနှောင့်အယှက်မပေးချင်တာနဲ့တူသည် ကျွန်ုပ်ကို စကားမပြောပဲထိုင်ကြည့်နေသည်။ အတန်လေးကြာတော့ သူသည် ကျွန်ုပ်ကို စကားစ၍ပြောလိုက်သည်။ သူက ဟေ့ကောင်ကြီး မင်းဘာအလုပ်တွေရှုပ်နေတာတုန်းဟ၊ ငါထိုင်ကြည့်နေတာ ကြာပြီ၊ ပြီးတော့ မင်းက တုပ်တုပ်မျှမလှုပ်ဘူး လေဖြတ်ပြီးသေနေပြီလားလို့ ငါထင်နေတာ။ တော်သေးရဲ့ကွာ ငါတို့လိုက်လို့ လှုပ်လာတယ်၊ တို့များမတို့လိုက်လို့ကတော့ ကွန်ဗျူတာရှေ့မှာ ငုတ်တုတ်ကြီးနဲ့ သေမှာကိန်းသေတယ်။ မင်းဟာက အားအားတိုင်း ဒီလိုပဲထိုင်နေတာ စိတ်မနံ့တဲ့ ဟိုဘက်အိမ်က ငလူးအတိုင်းပဲ တဲ့။ အောင်မလေး ငမောဝ်ရာ တစ်ခြားဟာ နိုင်းစမ်းပါ အဲ့ဒီ ငလူးနဲ့တော့ မတူချင်ပါဘူးကွာ၊ ဟိုတစ်နေ့ အဲ့ဒီကောင်က ရွာလမ်းခလယ်ခေါင်မှာ ငုတ်တုတ်ရပ်ပြီး ငေးနေတာ ဘာငေးလို့ငေးနေမှန်းမသိဘူး၊ အဲ့ဒီအချိန်က နွားတွေကျွဲတွေ အိမ်ပြန်တဲ့ချိန်လေ ကံကောင်းလို့ ငါနဲ့တိုးပြီး သူ့ကိုလမ်းဘေးဆွဲတင်လိုက်တာ နို့မို့ဆိုရင် ကျွဲတွေက မျက်စိနောက်တယ်ဆိုပြီး နင်းသတ်ပစ်မှာ။ ငါ့ကို အဲ့ဒီကောင်နဲ့မနိုင်းစမ်းပါနဲ့ ဖွဖွ ဖွဟေ့၊ အဲ့… ငါ့ကို ရုပ်ရှင်မင်းသား တစ်ယောက်ယောက်နဲ့ တူတယ်လို့ မင်းတစ်ခါမှ မပြောပါလားဟု ကျွန်ုပ်သည် မကျေမနပ်နဲ့ ပြောလိုက်သည်။ ဟုတ်တယ်လေ တို့ရွာ တစ်ရွာလုံးက ကောင်မလေးတွေက ကျွန်ုပ်ကို ဟိုမင်းသားနဲ့တူတယ်လို့ နိုင်းလို့နိုင်း ၊ ဟိုအဆိုတော်နာမည်ကြီး စိုင်းဆိုင်မောဝ်နဲ့ မျက်နှာချင်းဆင်တယ်လို့ ပြောလို့ပြော၊ ဒီငမောဝ်ကျမှ ကျွန်ုပ်သည် စိတ်မနံ့တဲ့ ငလူးနဲ့ အနိုင်းခံရခဲ့ရသည်။ ကျွန်ုပ်ကို ဆော်ထားတဲ့ငမောဝ် တွေ့ကြသေးတာပေါ့လို့ စိတ်ထဲကျိန်းထားသည်။ နောက်နေ့ရောက်တော့ ဈေးလယ်ခေါင်မှာ မရောင်မလည်နဲ့ ငမောဝ်ကို ကျွန်ုပ်တွေ့လိုက်သည်။ ကျွန်ုပ်ကို သူမမြင်၊ ကောင်းလိုက်မြင်ကွင်း ကျွန်ုပ်ဖြင့် ကိုယ့်မျက်လုံးပျူးသွားသည်၊ အလဲ! ငမောဝ်က သူကောင်မလေးနဲ့ တစ်တွဲတွဲနဲ့ ဒီဈေးထဲမှာ သူတို့နှစ်ယောက်ထဲ ရှိသည်၍များထင်နေသလားတော့ မသိဘူး၊ ငမောဝ်က သူ့ကောင်မလေးဖို့ ထမီတွေ တစ်ထည်ပြီးတစ်ထည်ရွေးပြီး လိုက်မလိုက်ဆင်ပေးနေတာ အောင်မလေးနော် ကြည်နူးလည်းကြည်နူးစရာ ရှက်လည်းရှက်စရာ မြင်ကွင်းလေးပေါ့။ ဘာပြုလို့လဲဆိုလျှင် သိကြတဲ့အတိုင်း ကျွန်ုပ်တို့ရွာက ရွာသူရွာသားတွေသည် သိပ်ရိုးသားပြီး အရှက်ကြီးကြတာ၊ သိပ်ချစ်ပါသည် ဆိုသည့်စုံတွဲတိုင်းတောင် အဲ့ဒီလို လူရှေ့သူရှေ့ မလုပ်ရဲကြဘူးလေ၊ ခုတော့ ဖေါက်သွားပြီ။ ဖေါက်သွားပြီဆိုတာက ခေတ်မှီသွားပြီပေါ့ခင်ဗျား။ ကျွန်ုပ်လည်း………ပြောတော့ပါဘူး၊ ကိုယ့်နားကိုပြန်ရှက်သည်။
ဒီလိုနဲ့ ငမောဝ်တို့စုံတွဲလေးကွဲသွားသည်၊ သူကောင်မလေးပြန်သွားသည်။ ဈေးထဲမှာ သူတစ်ယောက်တည်း ကျန်ခဲ့သည်။ ဒီချိန်တော့ ငါ့အတွက်ပေါ့ ငမောဝ်ရာ မဟုတ်မဟတ်သွားစလိုက်အုန်းမည်။ ကျွန်ုပ်သည် သူနားရောက်လျှင်ရောက်ချင်းပဲ ဟေ့ အမြှီးတလှုပ်လှုပ် မပြန်သေးဘူးလားဟု ပြောလိုက်သည်။ သူက ဟာ..ဟေ့ကောင် ဘယ်လိုခေါ်လိုက်တာလဲဟ လူရှေ့သူရှေ့မှာ ရှက်စရာကြီးဟု ပြောတော့ ကျွန်ုပ်က အောင်မာ ဟကောင် ခုမှ ရှက်စရာလေးဘာလေးနဲ့ ပြောနေသေးတယ် ခုနားကတော့ ထမီကို တစ်ထည်ပြီးတစ်ထည်ကိုင်နေတာကို မရှက်ဘူး။ အာ.. မင်းကတော့ ပြောလေဆိုလေပါလား ငစိုင်းရ ကဲ့ကဲ့ လာ တစ်ခုခုသွားစားရအောင် ငါဒီမှာ မနေရဲ့တော့ဘူး ရှက်တယ်ကွာ မင်းအသံက တိမ်ဝင်နေတော့ ဒီနားကလူတွေ ကြားမသွားတာ တော်သေးတယ်၊ ဟေ့ကောင် ငါအကြံတစ်ခုပေးလိုက်မယ် မင်း နေပူထဲမှာ နှစ်နာရီလောက် သွားထိုင်လိုက် ပြီးရင် ချက်ချင်း ရေခဲရေ ၀ယ်သောက်ပစ်လိုက် အဲ့ဒီအတိုင်း နေ့တိုင်းလုပ်ပေးနော် ဒါမှ ငါသက်သာရာရမှာကွဟု ပြောလိုက်သည်။
ဤမျှနှင့်သာ။
မောင့်အိမ်မက်မယ်ဆိုတဲ့ ကဗျာလေးတစ်ပုဒ်ကို မနေ့ညက သီကုံးခဲ့တာ အခုဘယ်ပျောက်သွားမှန်းမသိ၍ မထည့်နိုင်တော့ပါ။ မဟုတ်မှလွဲရော မွေးထားသည့် ချစ်တော်ကြောင်မလေးကြောင့်ထင်သည်၊ ကြောင်မလေးက အဆော့တန်လေတော့ ဆော့ရင်းဆော့ရင်းနှင့် မျိုချလိုက်ပြီလား ထင်ယောင်ထင်မှားနဲ့ ရှာလည်းမတွေ့ရလေပြီ။
ဒီ ဦးကိုင်ဇာဆိုထားတဲ့ သီချင်းလေးနဲ့ပဲ ဝေမျှခံစားပါရစေလား။။

စိုင်းလင်းတိုင်း

မောင့်အိမ်မက်မယ်

© Copyright Reserved ထာဝရစကား | Design by: Yoshz | Converted into Blogger Templates by Theme Craft