ဝါးလုံးရေပြွက်နှင့် အာသာသင်္ကြန်

စိုင်းလင်းတိုင်း | Thursday, April 15, 2010 3:01 AM

သင်္ကြန်ရောက်ပြီမို့ မန္တလေးက သူငယ်ချင်းတစ်စုက မန္တလေးမှာ သင်္ကြန်လာပျော်ရန် မနှစ်ကျနော်တို့ တွေ့ဆုံကတည်းက ဖိတ်ခေါ်ထားသည်။ ခုလည်းစာနှင့်တကွ ဒုတိယအကြိမ် ထပ်ခေါ်လိုက်သည်။ ဒီလိုနှင့် တောမင်းသားလေးတစ်ယောက် မန္တလေးမြို့ကြီးသို့ ရောက်ခဲ့သည်။ အဟဲ… မန္တလေးကားဂိတ် ရောက်ခါနီး အတွေးကစတော့သည်၊ လမ်းမှာကြတော့ စိတ်မကူးပဲနှင့် ကားပေါ်မှာ တစ်ချိန်လုံး ငိုက်မျဉ်းနေတာ ခုမှမဟုတ်ကဟုတ်က အတွေးက ၀င်လာသည်။ အဟဲ… မန္တလေးရောက် ခေါင်းပေါင်းကြီးနဲ့ ကိုရှမ်းကြီးတစ်ယောက် ပေါ့လေ။ ဘယ်သူနဲ့တွေ့မယ် ဘယ်လိုပျော်ကြမယ် ဘယ်သူ့ကို ဘယ်လို ရေလောင်းချလိုက်မယ် ဟို ငနဲတွေကို ဘယ်လိုစမယ် စသည်စသည်ပေါ့ဗျာ။
ကျနော်သည် အတွေးကောင်းကောင်းနှင့် တွေးနေလိုက်တာ ကားစပါယ်ယာသံကြားမှပဲ ကားဝင်း ရောက်နေမှန်း သိတော့သည်။ ကားစပါယ်ယာက ``ကိုရှမ်းကြီး ကိုရှမ်းကြီး ကားပေါ်မဆင်းချင် တော့ဘူးလား၊ ဘာလဲ ကျုပ်တို့ကားက စီးကောင်းနေလို့လား၊ ကြိုပို့ကားတောင် မြို့ထဲထွက်သွားတာ ကြာပေါ့ ဟုပြောတော့`` ဟာ.. အေးအေး.. ဆင်းပြီဗျို့ ကျုပ်သတိမေ့နေလို့ စိတ်မရှိနဲ့နော် ဆင်းပြီ ဆင်းပြီဟု ကျနော်တောင်းပန်လိုက်ရသည်။ သူက ``ဟင်.. ခင်ဗျား ကားပေါ်မှာသတိမေ့နေတယ် ဟုတ်လား၊ ခင်ဗျား ကားမူးတာလား ဟိုနားမှာ ဆေးဆိုင်ရှိတယ် ဆေးလေးဘာလေး ၀ယ်သောက်အုန်း၊ ကျနော်လိုက်ပို့ပေးရမလား။ အာ… ခင်ဗျားကလည်း ဘာလို့ဆေးဆိုင်သွားရ မှာလဲဗျ၊ ကျုပ်သတိလစ်နေတာကို ပြောတာမဟုတ်ဘူး၊ အတွေးနဲ့မို့ ဆင်းဖို့မေ့သွားတာဟု ကျနော် ပြောလိုက်သည်။ အရေးထဲ ဒီငနာက သတိလစ်တာ သတိမေ့တာတို့ကို အဓိပါယ်မကွဲတာလား ကျနော်ကပဲ စကားလုံးမကွဲတာလားတော့ မသိဘူး၊ ပဲပြုတ်စားတဲ့ ပါးစပ်ကြီးနဲ့ ဖွဖွ နိမိတ် မဖြစ်ပါစေနဲ့ဟု စိတ်ထဲရေရွတ်လိုက်သည်။ သူတို့ကား စီကောင်းလားတဲ့ ကားထဲနံစော်နေတာပဲ ဘာနံလို့နံမှန်းမသိဘူး၊ ကားကောင်းချက်ကတော့ အပျင်းပြေ သီချင်းလေးတွေတောင် မဖွင့်နိုင်ရှာဘူး။ အဆင်းနောက်ကျခဲ့၍ ကြိုပို့ကားမမီလိုက်တော့ ကားငှါးပြီး သူငယ်ချင်းတို့အိမ်သို့ လာရသည်။ သင်္ကြန်ပျော်ဖို့ စုထားသည့် မုန့်ဖိုးလေးတော့ လျှော့သွားတာပေါ့။ ဒီအစုပ်ပလုတ် အတွေးကြောင့်ပဲဟု ကိုယ့်ကိုသာအပြစ်တင်မိသည်။


ဆက်လက်ဖတ်ရှုရန်


ညနေပိုင်းရောက်တော့ သူငယ်ချင်းတွေ စိန်ကြီးတို့အိမ်သို့ ရောက်လာပြီး မုန့်လုံးရေပေါ် သွားစားမည်ဟုဆိုသည်။ စိန်ကြီးက အေး အေး အတော်ပဲ၊ ပြီးတော့သူသည် ကျနော့်ကို လက်ညိုးထိုးပြီး ``ဒီကောင်ပါလိုက်အောင် ခေါ်စမ်းပါ၊ ခုနားတင်ပဲ ငါက အဲ့ဒီအကြောင်းပြောပြနေတာ သူကမလိုက်ချင်ဘူးဆိုပြီး ငြင်းနေတာလေ`` မောင်ငယ်က ကျနော့်လက်ကိုဆွဲပြီး အတင်းခေါ်၍ လိုက်ခဲ့ရသည်။ ကျနော်က ``ဘာလို့သွားစားရမတုန်းကွ သူများက ငါတို့ကို ဖိတ်ထားလို့လား`` ဟုမေးတော့၊ စိန်ကြီးက ``မင်းမသိပါဘူး စိုင်းရာ၊ လိုက်မှာသာလိုက်ခဲ့၊ စကားမများနဲ့၊ မုန့်လုံးရေပေါ်ဆိုတာ မခေါ်မုန့်လို့ ခေါ်တယ်မှတ်ထား၊ သူတို့ခေါ်ခေါ်မခေါ်ခေါ် ဖိတ်ဖိတ်မဖိတ်ဖိတ် ၀င်စားလို့ရတယ်ကွ၊ ပြီးတော့ ထမင်းတစ်နပ် အကုန်သက်သာတယ်.. ပျော်လည်းပျော်တယ်.. ဟီး`` ဆိုပြီး ရယ်ရယ်မောမောဖြင့် ပြောလိုက်မှ ကျနော်သဘောပေါက်သွားသည်။ လမ်းထဲရောက်တော့ သူတို့ပြောသည့်အတိုင်းပါပဲ မုန့်လုံးရေပေါ်လေးတွေက ပေါ်ချင်တိုင်းပေါ်လို့ နေရာမရွေး အိမ်မရွေး ပျော်ပျော်ရွှင်ရွှင်နှင့် လုပ်စားကြသည်၊ မျက်နှာစိမ်းတွေရော မျက်နှာကျက်တွေရော တွေ့နေရသည်။ စားမည့်လူတွေက တစ်ခါတရံ ချောကလက်လေးတွေလို တန်းစီစောင့်နေသည်။ ဒီနေရာမှာ အစားပုပ်သည့် ကျနော်တို့အဖွဲ့သည် ဆိုးဆုံးပေါ့။ ကျနော်သည် မုန့်လုံးရေပေါ်အတိုင်း မုန့်လုံး ကျက်ကျက် မကျက်ကျက် ပေါ်သမျှမုန့်လုံးလေးတွေကို ဆယ်ယူစားတော့တာပဲ။ ပိုက်ဆာ နေသည်မို့ ချိုနေလျှင်ပြီးရောဆိုပြီး ပလုံးပထွေဝါးစားနေခဲ့သည်၊ ကြာလာတော့ မုန့်ပိုင်ရှင်တွေက အမြင်ကပ်ဟန် တူပါသည်၊ ``စား စား စားထား၊ ဒီတစ်အိုး ကုန်အောင်စား`` ဆိုပြီးတော့ မုန့်လုံးတွေကို အိုးထဲ နောက်ထပ် ထည့်ပေးလိုက်သည်။ ကျနော်ကပဲ အရင်ဆုံး သုံးလုံးလောက် ဆယ်ယူလာပြီး စားလိုက်သည်၊ ``အားပါးပါး ပူ ပူ ပူတယ်၊ ရေ ရေ ရေပေးအုန်း``။ ဟောဗျာ တစ်ယောက်မှ ကျနော့်ကို ရေမပေးဘူး သူတို့အားလုံးက ကျနော့်ကို ၀ိုင်းပြီး ဟားတိုက်ရည်နေတော့သည်။ သူတို့ထဲက ကောင်မလေးလေး (၁၅နှစ်သားအရွယ်) တစ်ယောက် ရေတစ်ခွက်လှမ်းပေးလိုက်မှ ၀ူး… အပူ အစပ် နည်းနည်းလျှော့သွားသည်။ သို့ပေမယ့် ငရုပ်သီးအရှိန်က မပြေသေးဘူး မငိုချင်ဘဲနဲ့ မျက်ရည်ကျ နေသည်၊ စပ်လွန်းနေ၍ ရှာကို အပြင်ထုတ်ထားလိုက်ရသည်၊ ဒီလိုဆို မမောဘဲနဲ့ ရှာတထုတ်ထုတ်နှင့် ခွေးတွေကို သွားသတိရမိသည်။ အဖြစ်ကလည်း အဲ့ဒီလိုတူလွန်းနေသည်။ အိမ်ပြန်ရောက်မှ သိရတော့သည် အော်… လက်စသတ်တော့ ဟို.. မုဆိုးမလေး မိဝိုင်းက ငရုပ်သီး လေးငါး လုံးလောက်ကို ခိုးထဲထားတာလို့ မောင်ငယ်ဆိုသည့်ကောင်က အခုမှလာပြောပြသည်။
ဒီလိုနှင့် နောက်တစ်နေ့ရောက်တော့ သင်္ကြန်ပျော်ဖို့အတွက် ကျနော်တို့ သူငယ်ချင်းတစ်စု မနက် စောစောစီးစီး အလုပ်ရှုပ်နေခဲ့သည်။ ဟိုကောင်က ပြောသည် ``ဟေ့… ကိုစိုင်း မင်းဘာယူမလဲ တို့ချိုးတဲ့ ဖလားခွက် ဒါမှမဟုတ် သံပုံးအသေးတစ်ပုံးရှိတယ် အဲ့ဒါယူမလား၊ ငစိန်က ပြောသည် ``ဟေ့ ဟေ့ သူ့ကို ပလက်စတစ် တစ်အိတ်သာ လမ်းကြုံရင် ၀ယ်ပေးလိုက်ဟု ပြောလိုက်တော့ ကျနော်က ``ဟေ့ကောင်.. ပလက်စတစ်က ဘယ်လိုပက်မှာလဲဟ၊ ပလက်စတစ်ကြီးနဲ့ဆို မျက်နှာငယ်လွန်း တယ်ကွာ ငါသွားတော့ဘူးဟု ကျနော်သည် စိတ်ပျက်လက်ပျက်နှင့် အိပ်ခန်းထဲ ၀င်သွားအပြု ဟိုကောင်က ``ဟာ ဟေ့ ဒီလောက်ကြီးတော့ စိတ်အားမငယ်ပါနဲ့ ငစိုင်းရာ၊ ဟိုကောင် ငစိန်က အဲ့ဒီလိုပဲ သူများကို အားမနာပါးမနာ ပြောင်တတ်တယ်၊ လာ လာ ပြန်လာခဲ့ ဒီမှာ ကားက အဆင့်သင့်ဖြစ်နေပြီ။ ဒီနေ့ ငါ့တို့ ဦးပိန်တံတားဘက်နဲ့ ကျုံးကြီးဘက်လှည့်မယ်၊ နောက်နေ့ကျမှ ကျန်တဲ့နေရာတွေကို လှည့်မယ်။ စကိုင်းဘက်သို့လည်း လှည့်အုန်းမည်ဟု သူကပြောသည်။ ကျနော်သည် သွားမည့်ကားကို လှမ်းကြည့် လိုက်တော့ လိုင်းပြေးဆွဲနေသည့် ဟွန်ဒါဆိုလား ဟန်ဒါဆိုလား အဲ့ဒီကားမျိုးဖြစ်နေသည်၊ အပေါ်ကအမိုးကိုဖြုတ်ပြီး ဆင်သင့်သင်္ကြန်ကဲရန် မာန်မူနေသည့်ဟန်။ ဂျက်ကြီးကပြောသည် ``ကိုစိုင်း သံပုံးနဲ့ ဖလားခွက် ကြိုက်တာရွေး သွားတော့မယ်``။ အေးအေး သံပုံးယူမယ်၊ လာပြီ လာပြီ။ အမေလေးနော် နင်တို့က လောလော လောလောနဲ့ ငါ့မှာဖြင့် ဘာလုပ်ရ မှန်းတောင် မသိတော့ဘူး၊ ရှုပ်ယှက်ကိုခတ်နေတာပဲ။
ကားပေါ်ရောက်မှ ကျနော်တစ်ခု သတိရလိုက်သည်၊ ``ဟ..ဟေ့ကောင်တွေ ခဏ`` ဆိုပြီး ပြန်ခုန်ဆင်း လိုက်သည်။ ကျနော်က ``ခဏလေးနော် ငါတစ်ခုမေ့နေလို့``၊ သူတို့ခင်ဗျား ပွစိပွစိ ဆူညံပူညံနှင့် တီးတိုးပြောနေကြသည်။ ဘာပဲပြောပြော မေ့နေသည့် ပစ္စည်းက အရေးကြီးဆုံး၊ ဒါကြောင့် ကျနော်သည် အိမ်ထဲပြေးဝင်လိုက်သည်။ အဒေါ်ကြီးက ``ဟေ့ ဟေ့ နင်မသွားဘူးလား ဘာဖြစ်လို့၊ ဘာတွေမေ့ကျန်နေလဲ`` ဟုမေးသည်။ အလောတကြီး အရေးပေါ်မို့ အဒေါ်ကြီး မေးခွန်းတွေကို ဖြေမနေတော့ အိပ်ခန်းထဲဝင်ပြီး ကျနော့်ရဲ့ ရေပြွက်လေးကို ဆွဲယူပြီး ကားဆီသို့ အမောတကော ပြေးလာခဲ့သည်။ ဟိုကောင်တွေ ကျနော့်ကို တအံ့တသြကြီးနှင့် လှမ်းကြည့်နေသည်၊ သူတို့ လှမ်းကြည့်နေရာက ကျနော်မျက်နှာကိုမဟုတ် လက်ကိုကြည့်နေသည်။ ကျနော်ကားပေါ် ရောက်နေပြီ၊ ကားဆရာရေ ရပြီမောင်းတော့ဟု တစ်ယောက်မျှ မအော်သေး၊ ကျနော်က ``ဟေ့ကောင်တွေ ဘာဖြစ်နေလဲ ငါရောက်ပြီလေ သွားတော့လေ``ဟု ကျနော် ပြောတော့ အထဲကတစ်ယောက် မေးလိုက်သည် ``အဲ့ဒါ ဘာကြီးလဲ လူရိုက်ဖို့ ၀ါးလုံးလား``၊ အာ.. ဘယ်က လူရိုက်ဖို့ ၀ါးလုံးဖြစ်ရမှာလဲ လူတွေကို ရေပက်ဖို့ဟေ့ ရေပက်ဖို့ သိပြီလား၊ တောမှာကတည်းက ကျကျနနကို လုပ်ထားတာ၊ အဲ့ဒါ ၀ါးလုံးရေပြွက်လို့ ခေါ်တယ်ဟု ကျနော်ဖြေလိုက်သည်။ သူတို့က ``အော်… ၀ါးလုံးရေပြွက်တဲ့လား မသေသေးလို့ မြင်ဖူးသွားတယ် တဲ့``။
ကျနော်သည် မပြောမဆိုနှင့် ၀ါးလုံးရေပြွက်ကို ပုံးထဲကရေကို စုပ်ယူလိုက်ပြီး ကို့ယို့ကားယားကြီးနှင့် ပွဲမစရသေးခင် အပျော်ကြီးပျော်ပြီး ကနေသည့် အာနိုးဆိုတဲ့ကောင်ကို လှမ်းပက်ထဲလိုက်သည်။ ဟိုကောင်ခများ အောင်မေလေးကို မည်သွားအောင် အော်လိုက်ရသည်.. သူကအော်ပြောသည် ခင်ဗျားရေပြွက်ကြီးက ပျင်းသဟ၊ အညောင်းကို ပြေသွားတယ်ဟု ဆွလိုက်တော့ ကျနော်က ထပ်ပက်ရန် ချိန်လိုက်တော့မှ အာနိုးကြီးလန့်သွားပြီး ``ဟဟ.. တော် တော် တော်ပါတော့၊ ငါက ယောကျားဟ၊ မင်းပက်ရမှာက မိန်းကလေးဟု လက်တကာကာနှင့် ပြောသည်။ အာနိုးဟုသာ နာမည်ရသည်၊ လူက လေတိုက်လျှင် လဲမယ့်ပုံ။ စိန်ကြီးက ကျနော့်ဝါးလုံးရေပြွက်ကို သဘောကျ ဟန်တူသည်၊ သူ ခဏ ခဏ ကျနော့်ကို တီးတိုးပြောသည် ရောင်းမလား၊ ဒါမှမဟုတ် ဖလားခွက်နှင့် ခဏလောက် လှဲကိုင်မလားဟု တစ်လမ်းလုံး ပြော၍နေတော့သည်။ ကျနော်က နောက်နေ့ ပေးကိုင်မည်၊ ဒီနေ့တော့ ကျနော် ကိုင်မည်ဟု ပြောလိုက်မှ ဒီကောင်ကြီး ငြိမ်သွားတော့သည်။
နောက်နေ့ကျတော့ ကျနော်သည် သူတို့နှင့် လိုက်မသွားနိုင်တော့ပါဘူး၊ အရင်နေ့က တစ်နေကုန် ရေစိုပြီး အအေးပတ်လို့ ဖျားပါလေရော့လား၊ ဖျားမယ်ဆိုလည်း ဆိုလောက်ပေသည်၊ နေပူပူကြီးထဲမှာ ရေစိုလိုက်၊ ခဏကြာတော့ အ၀တ်တွေက ခြောက်သွားလိုက်၊ အ၀တ်အစားခြောက်ပြီး နှစ်မိနစ်တောင် ကြာမည်မထင် ဟိုက ပက်လိုက် ဒီဘက်ဘေးက ပက်လိုက်၊ အ၀တ်ပြန်စိုရွှဲသွားလေရော။ လူကြဲတဲ့ နေရာရောက်တော့ အ၀တ်တွေခြောက်သွားလိုက်၊ စိုလိုက် ခြောက်လိုက်၊ ခြောက်လိုက် ပြန်စိုလိုက်နဲ့ လူက ပန်းပဲဖိုထဲက သံချောင်းတစ်ခုနဲ့ ချွတ်ချွတ်ကို သွားတူနေတော့သည်။ အ၀တ်အစားတွေ ခြောက်သွားပြီဆို ချွေးကိုပျံနေသည်။ ရေရွှဲနေသည့်အချိန်ဆို တစ်ကိုယ်လုံး တုန်နေအောင်ကို ချမ်းသည်၊ သွားချင်း ခလုတ်တိုက်သည့်သံကို ဒက် ဒက် ဒက်နဲ့ပင် ကြားနေရသည်။ ဟိုတစ်နေ့ ကားဂိတ်က ကားစပါယ်ယာကို သွားသတိရသည်၊ ပဲပြုတ်စားသည့် သူ့ပါးစပ်ကြီးကိုက မန်တလာမြေ ရောက်ရောက်ချင်း နိမိတ်ဖတ်လိုက်တာကိုး။
သူငယ်ချင်းတွေက လာမေးကြသည်၊ ``လုံးဝကို မသွားနိုင်တော့တာလား.. တဲ့``။ ကျနော်က ``ဘယ့်နှယ် မသွားနိုင်ရမှာလဲ၊ အဖျားကြောင့် အဖျားကြောင့်ဟေ့ မင်းတို့နှယ် ငါ့များ ခြေကျိုးကြီးပုံစံနဲ့ လာမေးရက်တယ်``ဟု ပြောချလိုက်သည်။ ငါလိုက်တော့ဘူးကွာ မင်းတို့သာ ပျော်ပျော်ရွှင်ရွှင်နဲ့ အာသာသင်္ကြန်ကြီးကို ဆင်နွဲလိုက်တော့ဟေ့။ ငစိန်က ``ဟေ့ကောင်စိုင်း`` ဟုရုတ်တရက်ခေါ်သည်။ အောင်မလေး ဟေ့ကောင်စိုင်းတဲ့ ကျနော်ဖြင့် ကိုယ့်ကိုကိုယ် ခုန်ဆွခုန်ဆွနှင့် တိရိစ္ဆာန်လေး တစ်ကောင်ဖြစ်ပလား ထင်ယောင်ထင်မှားပဲ။ ``ဟေ့ကောင် စိန်ကြီး မင့်ခေါ်သံကြီးက ကြက်သရေ မရှိလိုက်တာ စိုင်းဆိုစိုင်း၊ ငစိုင်းဆိုလည်း ငစိုင်း၊ ကိုစိုင်းဆိုလည်း ကိုစိုင်းပေါ့ကွ``ဟု ကျနော်ငေါက်ပစ်လိုက်တော့ သူက အေးပါ အေးပါ အဟီး ခေါင်းပေါင်းကြီးရေ တဲ့။ ကျနော်က ဘာတုန်း ခေါ်ပြီးတော့ ဘာမှလဲမပြောဘူး၊ သူက အဟဲ… ဟို ဟို.. ဟိုလေ၊ ကျနော်က ``ဟိုဟို ဟိုးဟိုးနဲ့ ဘာတုန်းဟ ငါနားလည်ဘူးကွ ဟကောင်ရ``၊ ဘာလဲ ဗေဒင်မေးမလို့လား၊ ငါဗေဒင်ဟောတတ်ဘူး။ သူက ``အာ… မင်းကလည်း ဘယ်ကဗေဒင်မေးရမှာတုန်း ငှါးမလို့ ငှါးမလို့ဟ။ ကျနော်က ``ဘာငါးတာလဲ၊ မင်းငါးသွားမျှားမလို့လား၊ အဟင်း… ငါးသွားမျှားမှာကိုများ ငါ့လာပြော နေသေး၊ ငါက နင့်ယောက္ခထီးကြီးမို့လားဟု ပြောတော့ သူက “ဟာ… ဟေ့ကောင် စိုင်းကြီး တော်… တော်.. တော်တော့ ရပ်တော်မူပါတော့ ဆရာရေ မင့်နဲ့ ဆွေမျိုးချင်း မတော်ချင်ဘူး၊ မင်းရဲ့ ၀ါးလုံးရေပြွက်ကို ငှါးမလို့ကွ၊ အရေးထဲ ငှနဲ့င ကိုမကွဲဘူး”ဟု ပြန်ပြောသည်။ လက်စသတ်တော့ စိန်ကြီးက ကျနော့်ဝါးလုံးရေပြွက်ကို သဘောကျနေသည်။ ကျနော်က ``ဘယ်နဲ့လဲ… မင်း ငါ့ဝါးလုံး ရေပြွက်ကို ခိုက်သွားပြီ မဟုတ်လား စိန်းကြီး၊ တွေ့တယ်မို့လား မနေ့က ဟိုကောင်မလေးတွေကို ငါ့ဝါးလုံးရေပြွက်နဲ့ အဝေးကြီးကနေ လှမ်းပစ်ဘာ ယှက်ခနဲ ယှက်ခနဲပဲ``ဟု ခပ်ကြွားကြွားဖြင့် ပြောလိုက်သည်။ သူက ``ဟ.. မင်းဆို တဲ့ကောင် တယ်စကားများတာပဲ ဗမာသာဆိုလျှင်တော့ အတော့်ကို နားငြီးမယ့် ကောင်ပဲ၊ ဒီထဲ စကားက မပီကလာ ပီကလာနဲ့ ဇွတ်ပြောနေတော့တာပဲ၊ ယှက်ခနဲ ယှက်ခနဲမဟုတ်ဘူးဟ၊ ရှပ်ခနဲ ရှပ်ခနဲပါ ဟကောင်ရ၊ ဗမာစကားပီအောင် လေ့ကျင့်အုန်း``ဟု ပြောတော့ ကျနော်က အေးပါ အေးပါ ဒါပေမယ့် ယှက်ခနဲဖြစ်ဖြစ် ရှပ်ခနဲဖြစ်ဖြစ် ဘျင်းခနဲဖြစ်ဖြစ် နားလည်ရင်ပြီးတာပဲ မဟုတ်လား။ သူက ``အေးအေး ပြီးတယ် ပြီးတယ် ၀ါးလုံးရေပြွက်ပေးမလား မပေးဘူးလား ဒါပဲပြော၊ ဟိုမှာ ဟိုကောင်တွေ စောင့်နေတယ် သွားတော့မယ်ဟုပြောတော့မှ ကျနော်က အေးအေး ယူ ယူ၊ ပေးတယ် ပေးတယ်၊ ငါ့ဝါးလုံးရေပြွက်နဲ့ ဒီနှစ်အာသာသင်္ကြန်ကြီးမှာ မင်းတို့ရဲ့ ရမက်ကြီးတွေကို ပြောင်လက်နေအောင် ဆေးခဲ့လိုက်နော်၊ သွား သွားဟုကျနော်က မကျေမချမ်းဖြင့် ကျန်ခဲ့သည်။
စိန်ကြီးက မကြားတကြားနှင့် လှမ်းပြောလိုက်သည်မှာ မပီကလာ ပီကလာနဲ့ အာသာတင်္ကြန်တဲ့ ဟားဟားဟား ဖျားနေလို့ နားငြီးသက်သာတယ် နေများကောင်း လို့ကတော့ မလွယ်ဘူး။ ဟေ့ရှမ်းကြီး သွားပြီဟေ့။ နေရစ်ခဲ့တော့ ဘိုင်းဘိုင် အတာသင်္ကြန် မဟုတ်တဲ့ အာသာသင်္ကြန်ကြီးကို ခင်ဗျား ၀ါးလုံးရေပြွက်ကြီးနဲ့ သွားရောက် ဆင်နွဲပါတော့မယ်၊ နေခဲ့တော့ အာသာကြီးကို အပြည့်အ၀ မဖြည့်နိုင်တဲ့ အာသာသင်္ကြန် ကောင်ကြီးရေ တဲ့လေ``။


ဤမျှသာ

မှတ်ချက်။။
အဟုတ်မမှတ်လိုက်ပါနဲ့ သူများပြောလို့ ဒီလိုရေးလိုက်ပါသည်။း)

ချစ်ခင် ခင်မင် ကြင်နာမှုများဖြင့်


1 Comment to "၀ါးလုံးရေပြွက်နှင့် အာသာသင်္ကြန်"

  1. ဟုတ်ပ...ဟုတ်ပ...ရှမ်းဖြစ်နေလို့သာပေါ့...ဗမာသာဆိုလို့ကတော့ မျက်စိငြီး နားနောက်လိုက်မယ့် ဖြစ်ခြင်း...စာမူခလာတောင်းသွားတာ ချီးမြှင့်မလို့...ပေး...အဲဒီ ၀ါးလုံးရေပြွတ်ကို ခဏငှား... :)))))

    သြော်...ဒါနဲ့ ...ဓါတ်ပုံကြည့်ပြီး တော်တော်စိတ်ဆင်းရဲသွားတယ်....အဲဒီလောက်တောင်ကဲရသလား....
    ကျွတ်...ကျွတ်....

    အစ်မအင်ကြင်း

© Copyright Reserved ထာဝရစကား | Design by: Yoshz | Converted into Blogger Templates by Theme Craft