မန္တလေးမြို့သို့ တစ်ခေါက်

စိုင်းလင်းတိုင်း | Friday, March 26, 2010 9:20 AM
ကျနော်သည် မန္တလေးမြို့ကြီးကို သုံးနှစ်လောက် ဝေးနေရပြီးမှ တစ်နေ့ ကျွန်ုပ်သည် မန္တလေးမြို့သို့ အလည်တစ်ခေါက် ပြန်ရောက်ခဲ့လေသည်။ တည်းခိုစရာကတော့ များများစားစား မရှိပါဘူး၊ ၃၆လမ်းက ခင်မင်ရင်းနှီးသည့် ကျောက်မဲက အစ်မတစ်ယောက်၏အိမ် တစ်အိမ်တည်းရှိသည်။ တည်းခိုခန်းဆိုတာ မျှော်တောင်မျှော်မကြည့်ရဲ၊ မွှဲချက်ကတော့ ကမ်းကုန်သည်။ အစ်မကတော့ မန္တလေးမြို့မှာ အိမ်ထောင်ကျတာ ဆယ်နှစ်လောက် ရှိခဲ့ပြီ။

ဆက်လက်ဖတ်ရှုရန်


သိကြတဲ့အတိုင်းပဲ ကျွန်ုပ်သည် တောသားပီပီ ရွာမှာနေသကဲ့သို့ နေရိုးနေစဉ်အတိုင်း နေတတ်တာကြောင့် အိမ်ထဲမှာလည်း ခေါင်းပေါင်းကြီးနှင့် နေနေတတ်သည်။ တောသားတိုင်းတော့ မဟုတ်ပါ၊ တစ်ချို့ဆိုလျှင် တောကလာပေမယ့် အထင်သွားမသေးလိုက်လေနဲ့ စတိုင်က မြို့သားနှင့် ရင်ပေါင်တန်းနေအောင် နေတတ်ထိုင်တတ်သည်၊ ဤနေရာ၌ ကျနော်၏ စတိုင် ကျနော်၏ ပြုမှုနေထိုင်တတ်သည်ကိုသာ ရည်ရွယ်ပါသည်ဟု ကြိုတင်ပြောပါရစေ၊ တော်ကြာ တစ်ချို့က အဲ့ဒီလောက် သိက္ခာချရတာလားဆိုပြီး ၀ိုင်းလာကာမှဖြင့် ခက်ပေရော့မည်၊ ပြေးစရာမြေမရှိဘူး။

ဒီလိုနှင့် သုံးရက်လောက်ကြာလာတော့ ကျွန်ုပ်အစ်မက မပြောမနေနိုင်တော့ပဲ “ဟေ့  အိုက်နောင့် (အိုက်နောင့် ဆိုတာ ဗမာလို မောင်လေးပေါ့) နင်ကတော့နော် အိမ်ထဲ နေမပူ မိုးမရွာ ဆောင်းတွင်းလည်း မဟုတ်ဘဲနဲ့၊ နင့်ခေါင်းပေါင်းကြီး ချွတ်ထားစမ်းပါ၊ မျက်စိကို အတော်အမြင်ကပ်လာပြီနော်၊ မြို့ရောက်ရင် မြို့သားလိုနေပေါ့ဟေ့၊ ဒီရုပ်ကြီးနဲ့ ငါ့မိတ်ဆွေတွေ လာလည်လို့ တွေ့သွားရင့့်  ” ဟုပြောလိုက်သည်။ သူမစိတ်ဆိုး၍ ပြောနေသည် မဟုတ်မှန်းတော့ သိသာသည်၊ အားမလို အားမရတဲ့ ပုံစံနဲ့ပြောတာပါ၊ ဒါကို ကျွန်ုပ်နားလည်သည်။ ဘယ်သူမဆို ကိုယ့်နဲ့မောင်နှမလို ရင်းနှီးသည့်သူမှန်သမျှ ကိုယ်နှင့် ပတ်သက်သည့်သူကို စုပ်ပြတ်ပြတ်နှင့် မမြင်ချင် မတွေ့ချင် မဖြစ်စေချင်ပါ။ စမတ်ကျကျနဲ့ဘဲ မြင်ချင်တွေ့ချင် ဖြစ်စေချင်ကြသည်။ အခုတော့ ကျွန်ုပ်သည် စုပ်ပြတ်တသတ်နှင့်မို့ သူမပြောတာ လွန်မယ်မထင်။

ပြီးတော့ သူမသည် ကျွန်ုပ်၏ ခေါင်းပေါင်းကို အတင်းဇွတ်ဆွဲ ချွတ်ချလိုက်ပြီး၊ “သွားသွား ခုချက်ချင်း ရေသွားချိုးလိုက်၊ ပြီးရင် ဒီကိုပြန်လာခဲ့ ကြားလား ငါပြောတာ”ဟု သူမပြောသည်။ ကျွန်ုပ်က ဟုတ်ဟုတ် ဆိုပြီး ရေချိုးခန်းသို့ တန်းပြေးသွားသည်။ အစ်မက မကြားတကြားနှင့် လှမ်းပြောသည် ဟေ့ ဟေ့ ကောင်းကောင်းသွား မကြီးမငယ်နဲ့ ချော်လဲနေအုန်းမယ်၊ အိမ်က မွေးစားခွေး ငနီလေးလိုပဲ အပြေးကိုသန်လွန်းတယ်။ အောင်မလေး… နေရင်းထိုင်ရင်း လူစင်စစ်ကနေ အစ်မ၏ မွေးစားခွေးလေး ချက်ချင်းဖြစ်သွားခဲ့သည်။ အင်း…လေ… မွေးစားခွေးပဲဖြစ်ဖြစ် မွေစားသည့်ခွေးပဲဖြစ်ဖြစ် အစ်မဆီမှာ နေရတာစိတ်ချမ်းသာသည်။ အစ်မ အရင်းမဟုတ်ပေမယ့် အစ်မအရင်းထက် သူကပိုလို့တောင် ကျွန်ုပ်ကို ချစ်သေးသည်၊ ကျနော့်ကို ကလေးလေး တစ်ယောက်ကဲ့သို့ သဘောထားသည်။ အိမ်က အစ်မအရင်းကတော့ အမြင်မတော်လျှင် နှားအုံဖြတ်ရိုက်တတ်သည်။

ကျနော်သည် ရေချိုးပြီး အစ်မဆီ ပြန်လာခဲ့သည်။ ပြီးတော့ သူမက ဂျင်းဘောင်းဘီတစ်ထည် စွပ်အင်းဂျီနှစ်ထည် ယူလာပြီး ၀တ်ခိုင်းသည်။ အဲ့ဒီ အချိန်မှာ ကျနော့်တူလေး နှစ်ယောက် ကျနော့်ကြည့်ပြီး ပြုံးနေသည်၊ အစ်မ၏ ရင်သွေးလေးတွေပေါ့။ အစ်မကြီး၏ ယောကျားကတော့ အေးသည်၊ ဘာမှမပြော ကျနော့်ကိုကြည့်ရင်း တဟင်းဟင်းနှင့် ရယ်နေသည်။ ကျနော်သည် အ၀တ်အစားဝတ်ပြီး အစ်ကို့ကို “ကိုကြီး ဘယ်နှယ့်လဲ ကျနော်ရဲ့ တောသားစတိုင် ပေါက်သေးလား ဟုလှမ်းမေးသည်” မမျှော်လင့်ပါဘူးဗျာ ဒီလောက်အေးသည့် လူတစ်ယောက်က ဟက်ဟက်ပက်ပက်ကို ရယ်ပြီး ပြောချလိုက်တာ “ညီလေးရာ နင့်ပုံက ဘယ်လိုပဲ ပြောင်းပြောင်း သူတောင်းစားလေးရုပ်က မပျောက်ဘူး” ရှင်မရေ ကြည့်ပြင်ပေး လိုက်ပါအုန်း နင့်မောင်ကို၊ ငါ့အမြင်ထဲမှာတော့ ဟို…. မြောင်းကြားထဲ ကန်ချခံရပြီး ပြန်တက်လာတဲ့ ဟာနဲ့တူနေတယ် ဟူ၍….။


လေးစားစွာဖြင့်
စိုင်းလင်းတိုင်း

2 Comments to "မန္တလေးမြို့သို့ တစ်ခေါက်"

  1. ဟားဟား...ရီလိုက်ရတာ လင်းတိုင်းရယ်...တကယ်ပြောတာပါ...၂ခါတောင်ပြန်ဖတ်မိတယ် :D

    အဲဒီလိုလေးတွေရေးပါ အိုက်နောင့်ရယ်...တကတည်း မနေ့က စာအကြွေးတွေ လာဖတ်တာ အလွမ်းအဆွေးထဲကကို မထွက်တော့ဘူး...

    ခင်မင်တဲ့
    အစ်မ
    မအင်ကြင်း

  2. အဲလေ ပြောတဲ့လူကလည်း ရက်ရက်စက်စက်ပြောရှာတယ်။
    အဟက်အဟက်..

© Copyright Reserved ထာဝရစကား | Design by: Yoshz | Converted into Blogger Templates by Theme Craft